ရန်ကုန်၌ အချိန်ကြာမြင့်စွာ မီးပြတ်တောက်၍ လူမှုဒုက္ခများ ကြုံတွေ့နေရ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်မြို့ရှိ မြို့နယ်အများစု၌ ယခုလအတွင်းမှစ၍ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လျက်ရှိနေ၍ လူမှုဒုက္ခအမျိုးမျိုးကို ကြုံတွေ့ခံစားနေရသည်ဟု ရန်ကုန်မြို့၌ နေထိုင် သူများက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့၌ ပြီးခဲ့သည့် ဇွန်လအတွင်းမှ စက်တင်ဘာလလယ်ခန့်အထိ တစ်နေ့လျှင် ၄ နာရီခန့် မီးဖြတ်တောက်ကာ ကျန်အချိန်အများစုတွင် လျှပ်စစ်မီးရရှိခဲ့သော်လည်း ယခု အောက်တိုဘာလမှစ၍ မြို့နယ်အများအပြား၌ တစ်နေ့လျှင် ပျမ်းမျှ ၆ နာရီမှ ၈ နာရီအထိ မီးပြတ်တောက်ကြောင်း သိရသည်။

“ ဒီတစ်နှစ်လုံးဆို ဒီနေ့အထိ ကျွန်တော်တို့ မြို့နယ်မှာ မီး ၂၄ နာရီလာတဲ့ရက် တစ်ရက်မှ မရှိဘူး။ မိုးရာသီတစ်ခုလုံးလည်း လာလိုက်ပြတ်လိုက်နဲ့ပဲ။ အခုတော့ ပိုဆိုးလာပြီ။” ဟု တာမွေမြို့နယ်၌နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း မြို့နယ်အများစု၌ တစ်နေ့လျှင် ၁၀ နာရီခန့် မီးဖြတ်တောက်လေ့ရှိနေကာ မီးလာရန်သတ်မှတ်ထားချိန်များတွင်ပါ မီးပြတ်တောက်လေ့ရှိကြောင်း သိရသည်။

“ မီးက နေ့တွေ၊ ညတွေ မခွဲဘူး ပြတ်နေတာ။ တချို့နေ့တွေဆို လာချိန်နာရီဝက်လောက်ပဲရှိတယ်။ တစ်နေကုန်ကို ပြတ်သွားရော။” ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ အမျိုး သမီးတစ်ဦးက ပြောသည်။

ထိုသို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ရုံးဝန်ထမ်းများ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် အိမ်ထောင်စုအများစုမှာ လူမှုဒုက္ခအမျိုးမျိုးအား ရင်ဆိုင်လာရကြောင်း သိရသည်။

“ မီးက အခုလိုတွေဖြတ်နေတာ တော်တော်အဆင်မပြေဘူး။ မီးပြတ်တော့ အလုပ်ကို ထမင်းချိုင့်ထည့်သွားလို့မရတော့ဘူး။ အပြင်မှာဝယ်စားရတော့ စရိတ်ပိုကုန်တယ်။ ရတဲ့လစာ ကလည်းနည်းတော့ အခက်အခဲကြီးတစ်ခုကို ရင်ဆိုင်နေရသလိုပဲ။“ဟု လှိုင်မြို့နယ်ရှိ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

ထို့ပြင် အင်းစိန်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် စတိုးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက “ မီးလာမှအဆင်ပြေမယ့်၊ အအေးနဲ့ထားမှရမယ့်ဟာတွေဆို ဘယ်လိုမှ ရောင်းလို့အဆင်မပြေတော့ ဘူး။ မီးက လာချိန် ပြတ်ချိန်မမှန်တော့ အရောင်းအဝယ်လုပ်ရတာ ခက်ခဲလာတယ်။ မီးစက်လည်း မသုံးနိုင်တော့ မီးပြတ်ချိန်ဆို ဆိုင်ထဲလည်း မှောင်မဲနေရော။ စျေးဝယ်သူတွေ လည်း အခက်အခဲဖြစ်ကြရတယ်။” ဟု ပြောသည်။

ညပိုင်းအချိန်များတွင် သာမက နံနက်အစောပိုင်းအချိန်များတွင်ပါ မီးပြတ်တောက်၍ ကုမ္ပဏီဝန်ထမ်းများလည်း အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

“ မနက်စောစော မီးပြတ်တာရဲ့ နောက်ဆက်တွဲ ရေမလာတာကပါ တော်တော်ဒုက္ခရောက်တာ။ အလုပ်သွားဖို့ ရေမချိုးရတဲ့အပြင် အိမ်သာသုံးရေပါမရှိလို့ အခက်ကြုံရတာ မီးပြတ် တဲ့အချိန်တိုင်းဘဲ။ အလုပ်လည်း နောက်ကျကုန်ရော။” ဟု ဗိုလ်တထောင်မြို့နယ်၌နေထိုင်သူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

ထို့ပြင် ညပိုင်းအချိန် မီးပြတ်တောက်မှုများကြောင့် တိုက်ခန်းများအတွင်း အပူချိန်မြင့်မားပြီး ကလေးငယ်များရှိသည့် အိမ်ထောင်စုများအနေဖြင့် အခက်အခဲများ ကြုံတွေ့ရသည်ဟု သိရသည်။

“ ပူကလည်းပူ၊ မီးကလည်းပြတ်တော့ ကလေးငယ်တွေဆို ဘယ်လိုမှ မအိပ်နိုင်ဘူး။ တစ်ညလုံး ယပ်တောင်ခပ်ပေးနေရတယ်။ ဒီတော့ ကလေးလည်း အဆင်မပြေ၊ လူကြီးလည်း ဒုက္ခရောက်ရတယ်။” ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင်နေထိုင်သူ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ် အများအပြားတွင် ယခုရက်ပိုင်းအတွင်း ဆိုးရွားစွာမီးပြတ်တောက်နေသော်လည်း မြို့တွင်းမြို့နယ်အချို့တွင်မူ တစ်နေ့လျှင် လေးနာရီသာ မီးပြတ် တောက်ပြီး ကျန်အချိန်များတွင် လျှပ်စစ်မီးပုံမှန်ရရှိနေကြောင်း သိရသည်။

“ ကျွန်တော်တို့ မြို့နယ်မှာတော့ ဒီနေ့အထိ သူတို့ကြေညာထားတဲ့အတိုင်း တစ်နေ့ကိုလေးနာရီပဲ မီးပြတ်တယ်။ ကျန်အချိန်တွေတော့ မီးမပြတ်ဘူး။ ညပိုင်းလည်းလာတယ်။ တခြား မြို့နယ်တွေနဲ့ ဘာကွာလို့လည်းတော့ မသိဘူး။” ဟု လမ်းမတော်မြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းဖော်ပြထားချက် အရ သိရသည်။

သို့ရာတွင် မြို့နယ်အများစု၌ ယခုရက်ပိုင်းတွင် မီးပြတ်တောက်မှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်ဟု ရန်ကုန်မြို့ခံအများစုက ယနေ့ခေတ်သို့ ပြောကြားသည်။

LNG စက်ရုံများ လည်ပတ်နိုင်မှုမရှိခြင်း၊ ရေအားလျှပ်စစ်သုံးဆည်အချို့၌ ရေမလုံလောက်မှုများဖြစ်ပေါ်နေခြင်းနှင့် တာဝါတိုင် ဖျက်ဆီးခံရမှုများကြောင့် အချိန်ကြာမြင့်စွာ မီးပြတ် တောက်မှုများ ဖြစ်ပေါ်နေခြင်းဟု YESC မှ ယခုနှစ်အတွင်း သတင်းထုတ်ပြန်ထားပြီး၊ လာမည့်နွေရာသီအတွင်း ယခုထက် မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျက်ရှိ နေကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

သတင်း၊ ဓာတ်ပုံ – မောင်ဇော်

ပုံစာ- ရန်ကုန်မြို့၊ တာမွေမြို့နယ်၌ မီးပြတ်တောက်နေစဉ်။

#ယနေ့ခေတ်

ရန်ကုန်၌ အချိန်ကြာမြင့်စွာ မီးပြတ်တောက်၍ လူမှုဒုက္ခများ ကြုံတွေ့နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်