ရန်ကုန်၌ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်မြို့၌ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်လျက်ရှိကာ ဆီဝယ်ယူရန် နာရီနှင့်ချီ၍ စောင့်ဆိုင်းရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ရန်ကုန်မြို့၌ ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူ၍မရသည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်တွင် ဆိုင်အများစု၌ စက်သုံးဆီ အမျိုးအစားအားလုံး လုံးဝဝယ်ယူ၍မရတော့ပဲ ဆိုင်ပိတ်သိမ်းထားခဲ့ကြောင်း သိရသည်။

“ မနေ့ကထဲကဆီလိုက်ဝယ်တာ။ မြို့ထဲကဆိုင်တွေကနေ သင်္ဃန်းကျွန်း၊ တောင်ဒဂုံဘက်အထိ ဆိုင်တွေအကုန်လုံး ပိတ်ထားတာချည်းပဲ။ ဆီမရှိလို့ ကားဆွဲမရတော့ အိမ်မှာပဲပြန် နားနေရတယ်။” ဟု ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ယနေ့နံနက်တွင်လည်း ရောင်းချရန် ဆီမရသေးဟုဆိုကာ စက်သုံးဆီဆိုင်အများစု ဆက်လက်ပိတ်ထားလျက်ရှိနေပြီး ဆီရောင်းချပေးနေသည့် ဆိုင်အချို့တွင် နာရီနှင့်ချီကာ စောင့် ဆိုင်းဝယ်ယူနေရကြောင်း သိရသည်။

“ မနက် ၄ နာရီထဲက လာတန်းစီကြတာ။ ၈ နာရီခွဲလောက်မှ ဝယ်လို့ရတယ်။ ဒါတောင် လိုသလောက်ဝယ်မရဘူး။ သူတို့ရောင်းပေးသလောက်ပဲ ဝယ်လို့ရတယ်။” ဟု ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

ယနေ့နံနက်တွင် ရန်ကုန်မြို့ရှိ ဆီဆိုင်အများတွင် ဆိုင်ပိတ်ထားကာ သီလဝါတွင် စက်သုံးဆီ သွားရောက်ထုတ်ယူလျက်ရှိပြီး ဆီရောက်ရှိပါက ရောင်းချပေးမည်ဟု ဗီနိုင်းဆိုင်းဘုတ် များကပ်ထားပြီး စက်သုံဆီဆိုင်များအနီး၌ ယာဉ်အစီးရေဆယ်ချီ၍ ရပ်တန့်စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။

“ ဘယ်မှာမှ ဝယ်မရမဲ့အတူတူ ဆီဆိုင်နားမှာပဲကားရပ်ပြီး လာတန်းစီလိုက်ရတယ်။ အချိန်ကုန်ပြီး ဒုက္ခရောက်ပေမဲ့ ဒီလိုမှမဝယ်ရင် ဝယ်မရဘူးလေ။” ဟု ရန်ကုန်မြို့၌နေထိုင်သူ တစ်ဦးက ပြောသည်။

သီလဝါမှ စက်သုံးဆီထုတ်ယူနိုင်ရန် အခက်အခဲဖြစ်ပေါ်နေ၍ ညအိပ်စောင့်ကာ စက်သုံးဆီဝယ်ယူနေရသဖြင့် ဆီရောင်းချမပေးနိုင်ခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်အချို့မှ ဝန် ထမ်းများက ပြောကြားသည်ဟု စက်သုံးဆီဝယ်ယူခဲ့သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီပြတ်လပ်နေသည်ဆိုကာ ရောင်းချပေးမှုမရှိ၍ လူထုအကြား အခက် အခဲများကြုံတွေ့ခဲ့ရသည်။

ယနေ့တွင် ရန်ကုန်မြို့၌ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၅၁၀ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၆၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ လျှင် ၂၂၁၀ ကျပ်စသည် ဖြင့် စျေးနှုန်းအသီးသီးရှိကြောင်း ရည်ညွှန်းစျေးနှုန်းအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – မောင်ဇော်

ပုံစာ – ရန်ကုန်မြို့မှ စက်သုံးဆီဆိုင်တစ်ဆိုင်အား ယနေ့ တွေ့ရစဉ်။(ပုံ ၁)

#ယနေ့ခေတ်

ရန်ကုန်၌ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်