ရန်ကင်းပညာရေးကောလိပ်၌ အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်

ရန်ကုန်၊ ဩဂုတ် ၁၄

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ပညာရေးကောလိပ်တွင် ယမန်နေ့ ညနေပိုင်းက အခန်းတစ်ခုအတွင်းထားရှိသည့် တိုင်ကီတစ်လုံးမှ အမိုးနီးယားဓါတ်ငွေယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး အခန်း အတွင်း ဓါတ်ငွေ့များပျံ့နှံ့ခဲ့ကြောင်း ဒေသခံပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

“ ပစ္စည်းသိမ်းတဲ့အခန်းထဲက တိုင်ကီကနေ အမိုးနီးယားတွေယိုစိမ့်ကျတာ။ မီးသတ်အဖွဲ့တွေ ရောက်လာတော့ တိုင်ကီကို အပြင်ဘက်ကိုဆွဲထုတ်ပြီး ရေဖြန်းလို့အဆင်မပြေလို့ သဲနဲ့ ဖုံးပြီး ယိုစိမ့်မှုကိုပိတ်လိုက်တယ်။“ ဟု ဓါတ်ငွေ့ယိုစိမ့်မှုအား သွားရောက်ကူညီခဲ့သည့် ရွှေရုပ်လွှာ ပရဟိတအသင်းမှ ကိုရွှေမိုးအောင်က ယနေ့ခေတ်သို့ ပြောသည်။

ဓါတ်ငွေယိုစိမ့်မှု ဖြစ်ပွားသည့် တိုင်ကီအား သဲတစ်ကျင်းစာခန့်အသုံးပြု၍ မီးသတ်တပ်ဖွဲမှ ဖုံးပိတ်ခဲ့ပြီး ပရဟိတအသင်းများကလည်း အောက်စီဂျင်ကူညီနိုင်ရန် အသင့်အနေအ ထားဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ဖြစ်စဉ်ကြောင့် ကူညီသူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသကဲ့သို့ ကျောင်းပိတ်ချိန်ဖြစ်သည့်အတွက် ကျောင်းသားများလည်း ထိခိုက်ခြင်းမရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်သို့ ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ၊ တောင်ဥက္ကလာနှင့် ရန်ကင်းမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပရဟိတအသင်းများက သွားရောက်ခဲ့ ကာ ရှင်းလင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီ ၁၂ရက်ကလည်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲ၊ ရေသန့်စက်ရုံမှ အမိုးနီးယားဓါတ်ငွေ့ယိုစိမ့်မှုဖြစ်၍ ရပ်ကွက်အတွင်း နေထိုင်သူများနှင့် ဓါတ်ငွေ့ယိုစိမ့်မှုအား လာရောက်ကူညီသူ ၄၀ ဦးထက်မနည်း အသက်ရှုမွန်းကြပ်မှုများဖြစ်ပွား၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – ကိုရွှေမိုးအောင်၊ မီးသတ်တပ်ဖွဲ့

#ယနေ့ခေတ်

ရန်ကင်းပညာရေးကောလိပ်၌ အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်