ရခိုင်ပြည်နယ်၌ ရေဘေးကြောင့် ၆ ဦးသေဆုံးပြီး နေအိမ်သောင်းချီ ရေနစ်မြုပ်ခဲ့ရ

စစ်တွေ၊ သြဂုတ် ၁၅

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး လူနေအိမ်သောင်းနှင့်ချီ ရေနစ်မြုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးမှု သဘာဝဘေးဒဏ်ကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ တောင်ကုတ် စသည့်မြို့နယ်များမှ လူနေအိမ်များ သောင်းချီရေနစ်မြုပ်ခဲ့ပြီး လူ ၆ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။

” လက်ရှိမှာ ရေဘေးသင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်။ သန့်ရှင်းတဲ့သောက်သုံးရေနဲ့ အဟာရရှိတဲ့ အစားအသောက် တွေ အကူအညီမရရင် အသက်အန္တရာယ်ရှိလာနိုင်တယ်။” ဟု ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရခိုင်ပြည်တွင် လတ်တလောအခြေအနေများအရ ကျေးရွာပေါင်း ၈၀ ကျော်မှ ရေကန်ပေါင်း ၈၀ ခန့်အတွင်း မကောင်းသည့်ရေနောက်များဝင်ရောက်၍ ပျက်စီးသွားပြီး သောက်သုံး ရေအခက်အခဲကြောင့် ရေနောက်များကို သောက်သုံးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုအပြင် မသန့်ရှင်းသောရေနောက်များကို သောက်သုံးနေရသဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမည်ကို ဒေသခံများကစိုးရိမ်နေကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မေလ ၁၄ ရက်က အင်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူရာချီသေဆုံးခဲ့ပြီး လူသန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ သြဂုတ်လတွင် ရေ ကြီးနစ်မြုပ်မှုနှင့် ထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Credit- Photo-Min Min

#ဝဏ္ဏ

#ယနေ့ခေတ်

ရခိုင်ပြည်နယ်၌ ရေဘေးကြောင့် ၆ ဦးသေဆုံးပြီး နေအိမ်သောင်းချီ ရေနစ်မြုပ်ခဲ့ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်