ရက်ပိုင်းအတွင်း ဆန်ဈေးတရိပ်ရိပ် မြင့်တက်လာ

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ယခုရက်ပိုင်းအတွင်း ဆန်ဈေးများ တရိပ်ရိပ်မြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ယခုလအတွင်း ဆန်သစ်များ ပြည်တွင်းဈေးကွက်အတွင်း ဝင်ရာက်လာ‌သော်လည်း အသစ်ဝင်သည့် ဆန်သစ်များအပြင် ဆန်ဟောင်းများပါ ယခုရက်ပိုင်းအတွင်း ဈေးတက်လာ ကြောင်း ဆန်ကုန်သည်များက ပြောသည်။

“ဆန်က အဟောင်းရော၊ အသစ်ပါ ဈေးတွေတက်တယ်။ ရွှေဘိုပေါ်ဆန်းက မတက်ဘူး။ မနောသုခအဟောင်းက သုံးထောင်လောက် တက်တယ်။ သုခအသစ်က နှစ်ထောင်လောက် တက်တယ်။ ဧရာဝတီပေါ်ဆန်းက အသစ်ရော၊ အဟောင်းပါ သုံးထောင်လောက် တက်သွားတယ်။” ဟု ရန်ကုန်မြို့၌ ဆန်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် လတ်တလောတိုက်ပွဲများကြောင့် ဆန်ဝယ်ယူရ ခက်ခဲလာမည်ကို စိုးရိမ်သူများက ယခုရက်ပိုင်းအတွင်း ဆန်အများအပြား ဝယ်ယူစုဆောင်းလာမှုများကြောင့် ဝယ်လိုအား များပြားလာ၍ စျေးတက်လာခြင်းဟုလည်း ဆန်လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။

ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းစေရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းသည် တရိပ်ရိပ်မြင့်တက်လာခဲ့ ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

အသင်းချုပ်က ဆန်ကုန်စည်ဒိုင်များအား သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် တိုက်တွန်းထားသော်လည်း ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြင်ပလက္ကားဈေး ကွက်တွင် သတ်မှတ်ထားသည့် နှုန်းထားများထက် ပိုမိုသည့်ဈေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်း မြင့်တက်လာသည့် ဆန်စျေးနှုန်းများမှာ ပြည်တွင်းဆန်ဈေးကွက်အတွင်း အရောင်းအဝယ်အများဆုံး ဆန်အမျိုးအစားဖြစ်သည့် ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ် အိတ်လျှင် လက္ကားဈေး ၁ သိန်း ၆ သောင်း ၅ ထောင်ကျပ်၊ ကျားပျံပေါ်ဆန်း(အဟောင်း) ၁ သိန်း ၃ သောင်းကျပ်၊ အညာသား(ဟောင်း)နှင့် မနောသုခ(ရှယ်) အမျိုးအစားဆန်မှာ တစ်အိတ်လျှင် ရှစ်သောင်းခွဲကျပ်တို့ အသီးသီးရှိကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရက်ပိုင်းအတွင်း ဆန်ဈေးတရိပ်ရိပ် မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်