ယူကရိန်းသမ္မတက ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ဘက်ခေါင်းများကို ရာထူးမှထုတ်ပယ်ဖွယ်ရှိနေ

ကိဗ်၊ ဖေဖော်ဝါရီ ၇

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်အပါအဝင် ယူကရိန်းစစ်ဘက်ခေါင်းများကို လာမည့်ရက်ပိုင်းအတွင်း ရာထူးမှထုတ်ပယ်သွားဖွယ်ရှိနေကြောင်း ယူကရိန်းအမတ်တစ်ဦးဖြစ်သော အလက်ဇီဂွန်ချာရမ်ကိုက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်း၏တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ခဲ့ပြီးနောက် ယူကရိန်းသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကြား အငြင်းပွားမှုများ၊ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ စတင်ဖြစ်ပွားလာခဲ့ပြီး ယူကရိန်းသမ္မတက ကာကွယ်ရေးဦးစီးချုပ် ဗီလာယီ ဇာလူနီ၏ စွမ်းဆောင်ရည်များကို ဝေဖန်ပြစ်တင်ခဲ့ရာမှ အငြင်းပွားမှုများ စတင်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဆိုသောသတင်းများ ပြီးခဲ့သော ရက်ပိုင်းတွင် ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်းအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတပ်မှူးများကို အစားထိုးပြောင်းလဲခြင်းများ လုပ်ဆောင်မည်ဖြစ်သလို နိုင်ငံခေါင်းဆောင်များကိုလည်း အပြောင်းအလဲလုပ်ဆောင်ဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထပ်မံပြောဆိုခဲ့သည်။

ယူကရိန်းအမတ်တစ်ဦးဖြစ်သော အလက်ဇီဂွန်ချာရမ်ကိုက ၎င်းအနေဖြင့် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ထုတ်ပယ်မည့်အစီအစဉ်ကို ကန့်ကွက်ရှုတ်ချကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ကို ထုတ်ပယ်ခြင်းက စစ်ပွဲအတွင်းတင်းမာမှုအရှိန်များကို ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောသည်။ ထိုအပြင် ၎င်းက ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ထုတ်ပယ်မည့်အစီအစဉ်သည် ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဆိုသည်။

ကောင်းထက်ငွေ

pressbee.net

ယူကရိန်းသမ္မတက ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ဘက်ခေါင်းများကို ရာထူးမှထုတ်ပယ်ဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်