ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို အမေရိကန်နှင့် ဗြိတိန်တို့ပူးပေါင်းပြီး ထပ်မံတိုက်ခိုက်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄

အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ဖေဖော်ဝါရီ ၂ ရက်နေ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၈၅ ခုကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်စစ်တပ်က ဗြိတိန်စစ်တပ်နှင့်ပူးပေါင်းပြီး ယီမင်နိုင်ငံအတွင်း နေရာပေါင်း ၁၃ နေရာရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ ပင်လယ်ထဲမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အမေရိကန်နဲ့ ဗြိတိန်တို့ ပူးပေါင်းစစ်ဆင်ချိန်အတွင်း ရေတပ်သင်္ဘောများမှတဆင့် တိုမာဟောခ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် F/A-18 တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်စစ်တပ်က “ ဗြိတိန်နိုင်ငံနဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့စစ်ဆင်ရေးအတွင်း ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ ဒုံးကျည်နဲ့ မောင်းသူမဲ့လေယာဉ်တွေ သိုလှောင်ထားရာနေရာတွေအပြင် အမိန်ပေးစင်တာတွေ၊ ထိန်းချုပ်ရေးစင်တာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထားတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ ပင်လယ်နီဒေသကို တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ စွမ်းရည်တွေ လျော့နည်းသွားစေဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်။” ဟု ပြောသည်။

ဟူသီလက်နက်ကိုင်အုပ်စုသည် ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောများကို ပြီးခဲ့သောရက်ပိုင်းတွင် ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်လာခဲ့ပြီးနောက် အ မေရိကန်နှင့် ဗြိတိန်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း အခြေနေများက တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

nbcnews.com/news

ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို အမေရိကန်နှင့် ဗြိတိန်တို့ပူးပေါင်းပြီး ထပ်မံတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်