ယမန်နေ့ ညနေပိုင်းက လှိုင်သာယာ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ ဝန်ထမ်းကြိုပို့ ယာဉ် ဘရိတ်ပေါက်ခြင်းကြောင့် ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၉

ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းအနီး ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ ဝန်ထမ်းကြို့ပို့ယာဉ်တစ်စီး ဘရိတ်ပေါက်၍ မှတ်တိုင်၌ ကား စောင့်နေသူများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါယာဉ်တိုက်မှုအား ကူညီပေးခဲ့သည့် ပရဟိတအသင်းတစ်ခုမှ သိရသည်။

အဆိုပါ ဝန်ထမ်းကြိုပို့ယာဉ်သည် ယမန်နေ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က ဘရိတ်ပေါက်ကာ မှတ်တိုင်၌ ကားစောင့်နေသူများကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ငါးဦးထဲမှ တစ်ဦးမှာ ဆေးရုံရောက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ လိုင်းကားမဟုတ်ဘူး။ ဝန်ထမ်းကြိုတဲ့ ဖယ်ရီကားပါ။ ဘရိတ်ပေါက်ပြီး မှတ်တိုင်နားက ဆိုင်လေးတွေနဲ့ လူတွေကို ဝင်တိုက်မိတာ။ ကားအောက်မှာ ပိနေတာ ၃ ယောက်၊ ၃ ယောက်လုံး နေရာမှာတင်သေတယ်။ ဒဏ်ရာရတဲ့သူက ၅ ယောက်ပါ။” ဟု ကူညီကယ်ဆယ်ပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူကပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ကားအောက်မှထုတ်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုများအား ည ၈ နာရီ အချိန်တွင်ပြီးစီးခဲ့ကြောင်း ပရဟိတအသင်းထံမှ သိရသည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအား လှိုင်သာယာဆေးရုံနှင့် မြောက် ဥက္ကလာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ယမန်နေ့ ညနေပိုင်းက လှိုင်သာယာ၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ ဝန်ထမ်းကြိုပို့ ယာဉ် ဘရိတ်ပေါက်ခြင်းကြောင့် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်