ယင်းမာပင်မြို့နယ်၌ လက်နက်ကြီးကျည်သင့်၍ ကလေးတစ်ဦး သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာတစ်ခု၌ လက်နက်ကြီးကျည်ပစ်ခတ်ခံရ၍ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်းကူညီစောင့် ရှောက်ပေးနေသူများထံမှ သိရသည်။

သြဂုတ် ၁၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ပေကုန်းကျေးရွာ၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့၍ ​နဘူးတောင်၊ တောပြင်၌ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းကူညီစောင့်ရှောက်ပေးနေသူများထံမှ သိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်မုံရွာလမ်းဘေးရှိ ကံကုန်းကျေးရွာနှင့် ဒုန်းတောကျေးရွာတို့မှ ပြည်သူ ၇ ဦးထက်မနည်း အဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းကူညီစောင့်ရှောက်ပေးနေသူများ၏ ​ထုတ်ပြန်ချက်အရ သိရသည်။

“ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများလာပြီး စားနပ်ရိက္ခာလိုအပ်နေပါတယ်။ အခုက လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေရှိသလို၊ ဖမ်းခံရတဲ့သူတွေလည်းရှိနေ တယ်” ဟု ဒေသတွင်းကူညီစောင့်ရှောကပေးသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆားလင်းကြီးနှင့် ယင်းမာပင်တို့မှ စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်ရှိလာခဲ့ပြီး ယနေ့တွင် ထပ်မံကာ ဒေသခံခုနှစ်​ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – ယင်းမာပင် ကူညီစောင့်ရှောက်ရေး

#ယနေ့ခေတ်

ယင်းမာပင်မြို့နယ်၌ လက်နက်ကြီးကျည်သင့်၍ ကလေးတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်