မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို ယမန်နေ့ညက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) ဆိုသည့်အဖွဲ့မှ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားပြီး ပေါက်ကွဲသံကို ကြားရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ည ၉ နာရီက မှော်ဘီလေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပျက်စီးမှုများလည်းရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ညက ပေါက်ကွဲသံ သုံးကြိမ်ကြားရပြီး မည်သည့်နေရာကို ထိခိုက်သည်ကိုတော့ မသိရကြောင်း၊ မှော်ဘီမြို့တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ပေါက်ကွဲသံ သုံးကြိမ်ကြားရတယ်။ တစ်ကြိမ်ကတော့ တော်တော်ကျယ်တယ်။ ဘယ်နေရာကို ထိမှန်တာလဲတော့ မသိဘူး။ လူနေရပ်ကွက်တွေကို ထိတယ်လို့တော့ မကြားမိဘူး။” ဟု ၎င်းကပြေကြားသည်။

လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများကမူ မှော်ဘီလေတပ်စခန်းကို ပစ်ခတ်သည့် ရှော့တိုက်ဒုံးများမှာ လေတပ်အားထိမှန်ခြင်းမရှိဘဲ လေတပ်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြော ကြားသော်လည်း မည်သည့်နေရာကို ထိမှန်ခဲ့သည်ကိုမူ တိတိကျကျပြောဆိုခြင်းတော့ မရှိပေ။

မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် နစက၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ယနေ့ခေတ်မှ ဆက် သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယမန်နေ့ညက ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် မှော်ဘီမြို့နှင့် အနီးတဝိုက်တွင် လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုများလည်းရှိကြောင်း၊ ယနေ့နံနက်တွင်လည်း အချို့နေ ရာများတွင် ဆက်လက်စစ်ဆေးမှုများရှိကြောင်း မှော်ဘီမြို့ခံများက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်ကလည်း မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအဝင် လမ်းမဘေးလယ်ကွက်အနီး၌ မှော်ဘီလေတပ်စခန်းသို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ အမျိုးအစား ရှော့တိုက်ဒုံး ၈ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံနှင့် မှော်ဘီရှိ လေတပ်စခန်းများအား ရှော့တိုက်ဒုံးများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း ဒေသအခြေစိုက် လက်နက် ကိုင်အဖွဲ့များက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းထုတ်ပြန်ခဲ့မှုများရှိပြီး နစက၏ လေတပ်နှင့် နီးစပ်သူများကမူ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုများ မရှိကြောင်း ငြင်းဆိုမှုများ ရှိသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ – စက်တင်ဘာ ၁၄ ရက်က မှော်ဘီလေတပ်စခန်းအား တိုက်ခိုက်ရန်ချိန်ရွယ်ထားစဉ် သိမ်းဆည်းရမိသည်ဆိုသော ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရစဉ် (ပုံဟောင်း)

#ယနေ့ခေတ်

မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်