မြောက်ဦး၌ ငါးရက်အတွင်း လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၅ ဦးထက်မနည်းရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ငါးရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်းရှိခဲ့ပြီး၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်တွင် မြောက်ဦးမြို့၊ မြောင်းဘွေရွာနှင့် ကိုင်းတောရွာ၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၇ ဦး သေဆုံးကာ၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းစာရင်းများအရ သိရသည်။

“ နေ့တိုင်းပစ်နေတာ။ ကလေးတွေရောထိတယ်။ သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေများတယ်။ မြောင်းဘွေရဲစခန်းကို ဝင်စီးတဲ့အချိန် ဟိုဘက်ကလည်း ဆက်တိုက်ပစ်တာ၊ အိမ် တွေဘက်ကျတော့ ထိကုန်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောင်းဘွေရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကာ အခြားသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ အချက်အလက်များအား စုဆောင်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုနေ့ နံနက် ၂ နာရီကျော်ခန့် တွင် ရက္ခိုင့်တပ်တော်နှင့် နစကတို့ တိုက်ပွဲများဖြစ်ပွားခဲ့​ရာ မြောင်းဘွေရွာနှင့် ကိုင်းတောရွာတို့မှ ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်တွင် ယင်းနေ့မတိုင်ခင်က မြောက်ဦး၊ ဆင်ချဆိပ်ရွာ၌ ပျောက်ဆုံးနေသည့် ကျောင်းဆရာသားအမိနှစ်ဦးအား ၎င်းတို့နေအိမ်၌ လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲကာ နေအိမ်၏အပျက်အစီးများအောက်၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ နေ့တိုင်းလက်နက်ကြီးကျတာပဲ၊ ဒေသခံတွေလည်းရှောင်ကုန်ပြီ၊ ကလေးတွေရော၊ လူကြီးတွေရော၊ ကျောင်းဆရာသားအမိဆိုလည်း ပျောက်နေတယ်ဆိုပြီး ပြောကြတာ၊ သူတို့က လက်နက်ကြီးထိပြီး သေနေတာကိုရှာတွေတာ။” ဟု ဒေသခံတစ်ဦးက​ ဆိုသည်။

ထို့အပြင် ဒီဇင်ဘာ ၂၄ ရက်တွင် မြောက်ဦးမြို့မရဲစခန်းနှင့် သူတော်မတောင်တို့၌ နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ လက်ရှိ ဒီဇင်ဘာ ၂၆ ရက်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား ဒီဇင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရခိုင်ရှေးဟောင်း အမွေအနှစ်ထားရှိသည့် မြောက်ဦးယဥ်ကျေးမှုပြတိုက်နှင့် ကျောက်စာတိုင်များ၊ နေအိမ်များ၊ဘုန်းကြီးကျောင်းများပါ ပျက်စီး သွားခဲ့ပြီး ဒေသခံလေးဦးထက်မနည်း သေဆုံးကာ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြောက်ဦးမြို့နယ်၌ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသည့် စစ်ဘေးရှောင် ငါးသောင်းကျော်ရှိနေပြီး နေအိမ်များ၊ ဘုန်းကြီး​ကျောင်းများနှင့် ရှေ့ဟောင်းပြတိုက် များပါ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ-စီဂျေ

#ယနေ့ခေတ်

မြောက်ဦး၌ ငါးရက်အတွင်း လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၅ ဦးထက်မနည်းရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်