မြောက်ဦးနှင့် မင်းပြား၌ ပစ်ခတ်ခံရ၍ သုံးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ

မြောက်ဦး၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့များ၌ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဝင်ရောက်ပစ်ခတ်သဖြင့် ဒေသခံခြောက်ဦးခန့်ထိမှန်ခဲ့ပြီး၊ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၉ နာရီခန့်တွင် မြောက်ဦးမြို့ပေါ်၊ မင်းသားကျွန်းရပ်ကွက်၊ ရတာနာပါလ နာရေးရုံးအနီး၌ တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

​” အဲ့အချိန်က ဒီဘက်မှာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ပြည်သူတွေ သွားကြလာကြ၊ ဈေးဝယ်ကြနဲ့ ဟိုသွားဒီသွား၊ ကျောင်းတက်တာတွေရော အကုန်ရှိတာ။ တိုက်ပွဲဖြစ်တာမရှိပဲနဲ့ကို ပစ်တာ။ တစ်ယောက်က အဲ့နေရာမှာပဲသေတယ်။ အမျိုးသားနှစ်ယောက်ပါ။” ဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး၊ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မင်းပြာမြို့နယ်၊ ဖေသာပြင်ကျေးရွာ၌ ယနေ့နေ့လည်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်း အရင်းအမြစ်များမှ သိရသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လမ်းအပေါ်ရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကျောင်းများပိတ်ထားခဲ့ရပြီး၊ လူသွားလူလာမရှိတော့ကြောင်း သိရသည်။

“ ဖြစ်ပြီးတော့ ဆိုင်တွေဘာတွေသိမ်းသွားကြပြီ။ အရင်နေ့တွေလို သွားသွားလာလာတော့ မရှိကြတော့ဘူး။ အပြင်မထွက်ကြတော့ဘူး။ ကိုယ့်အိမ်မှာပဲ သတိဝီရိယနဲ့ နေကြတော့ တယ်။ ကျောင်းတွေကလည်း မိဘတွေက စိတ်မချတော့ မပို့ရဲကြတော့ဘူး။ တရားဝင်ပိတ်တယ်တော့ မဟုတ်ဘူးပေါ့။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ ကျည်ထိမှန်သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူတို့အား မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်က ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်ကျေးရွာအနီး၌ နစကနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နစက၏ နယ်ခြားစောင့် တပ်စခန်းနှစ်ခုအား သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

အလားတူ ထိုအချိန်အတွင်း မင်းပြားတိုင်းဗဟို (၉) မှထွက်လာသည့် နစကယာဉ်နှစ်စီးအား မင်းပြားမြို့နယ်၊ ချင်းဖားပြိုကျေးရွာဖက်၌ AA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသ တွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ထိုဖြစ်စဥ်များဖြစ်ပွားပြီးနောက် ကုန်လမ်းနှင့် ရေလမ်းများအား ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြောက်ဦးနှင့် မင်းပြား၌ ပစ်ခတ်ခံရ၍ သုံးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်