မြဝတီရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရ၍ တစ်မြို့နယ်လုံး မီးပြတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံအား ယမန်နေ့ညပိုင်းက ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရ၍ ယနေ့ နေ့လည်အထိ တစ်မြို့နယ်လုံး လျှပ်စစ်မီး ပြတ်တောက်လျက်ရှိ ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်က မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာရှိ ဓာတ်အားခွဲရုံသို့ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရ၍ မီးပြတ်တောက်နေခြင်းဟု သိရသည်။

“ လွန်ခဲ့တဲ့ သုံးရက်လောက်ထဲက မီးက ခဏခဏပျက်နေတာ။ ညကတော့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရတယ်လို့တော့ကြားတယ်။ ညထဲက မီးလုံးဝ မလာတာ ဒီနေ့ခင်းအထိပဲ။ ရွာဘက်တွေပါ မီးပြတ်နေတယ်လို့ သိရတယ်။ အခုတော့ ရပ်ကွက်ထဲကလူတွေစုပေါင်းပြီး မီးစက်ရှိတဲ့အိမ်တွေက မီးစက်တွေထဲကို ဓာတ်ဆီ၊ ဒီဇယ်တွေ ဝယ်ထည့်ပေးပြီး သုံး နေရတယ်။ အဲ့တာကလည်း ဖုန်းအားသွင်းတာနဲ့ မီးသီးအားသွင်းတာလောက်ပဲရတယ်။ မီးမလာတာ တော်တော်အဆင်မပြေဘူး။” ဟု မြဝတီမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ် သို့ ပြော သည်။

ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ၂၃၀ ကေဗွီ မြဝတီပင်မဓာတ်အားခွဲရုံရှိ 50 MVA Main Transformer No.1 Bushion ကွဲအက်ခြင်း၊ Radiator နှစ်ချပ်ပေါက်ခြင်းနှင့် 20MVAr Shunt Reactor တစ်ချပ်ပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ကာ မြို့ပေါ်ရပ်ကွက်(၇)ခုနှင့် ကျေးရွာ(၁၀)ရွာတို့တွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ဓာတ်အားခွဲရုံအား ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသည့်အပေါ် လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားရာတွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာရှိ နယ်မြေရဲစခန်းအပေါ်သို့ ယမန်နေ့ညက ဗုံးတပ်ဆင်ထားသည့် ဒရုန်းတစ်စင်းပျံသန်းလာစဉ် လုံခြုံရေးအဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒရုန်းမှာပြန်လှည့်သွားပြီး ဓာတ်အားခွဲရုံပေါ်သို့ ပစ်ချ ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထိုသို့ ပြောဆိုမှုအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

အလားတူ ယမန်နှစ် ဒီဇင်ဘာ ၁၆ ရက်က အဆိုပါသင်္ဃန်းညီနောင်ရှိ ဓာတ်အား ခွဲရုံသို့ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရမှုကြောင့် မြဝတီမြို့နယ်အပါအဝင် အနီးရှိ မြို့ နယ်များတွင် လနှင့်ချီ ၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၃၀ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ၂၃၀ ကေဗွီအေ ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးခဲ့၍ ယနေ့အထိ ရှမ်းပြည်နယ် (မြောက် ပိုင်း)ရှိ ဒေသအများအပြားတွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိကာ ရန်ကုန်မြို့တွင်လည်း နာရီနှင့်ချီကာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်နေကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ- ယမန်နှစ်က မြဝတီသင်္ဃန်းညီနောင်ရှိ ဓာတ်အားခွဲရုံ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေစဉ်။ (ပုံဟောင်းဖြစ်သည်။)

#ယနေ့ခေတ်

မြဝတီရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရ၍ တစ်မြို့နယ်လုံး မီးပြတ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်