မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေပြီ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသည် တိုက်ပွဲများကြောင့် ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေပြီဖြစ်ကြောင်း နန်းတော်ဂိတ်မှ သိရသည်။

“ ဒီနေ့မနက်ထိတော့ တိုက်ပွဲက ဖြစ်ပွားနေတုန်း။ နမ့်စမ်ဘက်က‌ တံတားတချို့ကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းလိုက်ပြီ။ မူဆယ်မြို့ပေါ်ကတော့ ဒီနေ့မနက်အထိတော့ ငြိမ်နေတယ်။ ၁၀၅ မိုင်ဘက်ကတော့ ဒီမနက် လက်နက်ကြီး ပစ်သံကြားတယ်။ ကုန်သွယ်ရေးကတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်းရပ်နေတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားချိန်တွင် လမ်း၌ပိတ်မိနေသည့် ကုန်တင်ကား ထောင်နှင့်ချီရှိနေပြီး ယင်းတွင် သစ်သီးဝလံကား အများဆုံးပါဝင်နေသည့်အပြင် အသီးအနှံများပုတ်၍ ပစ်ရ သည့်အတွက် ဆုံးရှုံးမှုများလည်းရှိနေကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ ခန့်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ နေကြောင်း၊ ထို့အပြင် သွင်းကုန်အနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ အစရှိသည့်ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော်ခန့် မြန်မာ ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

တိုက်ပွဲမဖြစ်ပွားမီ အောက်တိုဘာ ၂၆ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ ရရှိထားသည်။

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ကုန်သွယ်ရေးမှ အများဆုံးပြုလုပ်နေပြီး ထိုအထဲတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ကုန်သွယ်မှုအများဆုံး ပြုလုပ်နေခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ -အင်တာနက်

#ယနေ့ခေတ်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်