မြန်မာနိုင်ငံသို့ မလည်ပတ်ရန် တရုတ်အချင်းချင်း သတိပေးနေ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုကြောင့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းခံနေရသဖြင့် မြန်မာနိုင်ငံသို့ လည်ပတ်ခြင်းမပြုရန် တရုတ်နိုင်ငံသားအချင်းချင်း သတိ ပေးမှုများရှိနေကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနယ်စပ်တလျှောက်တွင် Online မှတစ်ဆင့် ငွေကြးလိမ်လည်မှုအပါအဝင် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို မြန်မာ-တရုတ်နှစ်နိုင်ငံမှ တာ ဝန်ရှိသူများမှ တောက်လျှောက်ဖမ်းဆီးခြင်းများ ပြုလုပ်ပြီးနောက် အထက်ပါအတိုင်း သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ ဒီဟာကြောင့်တော့ ခရီးသွားကဏ္ဍကို ထိခိုက်နိုင်လားဆိုတော့ အနည်းအကျဉ်းတော့ထိခိုက်နိုင်ပါတယ်။ ကျွန်တော်တို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ ဒီဟာတွေနဲ့ပတ်သက် ပြီးတော့။ စောင့်တော့ကြည့်ရမှာပေါ့။ အခုကတော့ ပြောဖို့စောနေပါသေးတယ်။” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံတို့ပူးပေါင်း၍ ဒေသအတွင်းပျံ့နှံ့နေသည့် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည် မှုမှ အစပြုသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့် တရားမဝင်ထိန်းသိမ်းမှု ရာဇဝတ်မှုများကို အရှိန်အဟုန်မြှင့်၍တိုက်ဖျက်သွားမည်ဟု အသိပေးကြေညာပြီးနောက်ပိုင်း ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရ တာဝန်ရှိသူများက အိမ်နီးချင်းနိုင်ငံ အစိုးရများအား အွန်လိုင်းရာဇဝတ်မှုများအား နှိမ်နင်းရန် ဖိအားပေးမှုများရှိနေကြောင်း နိုင်ငံတကာသတင်းများအရ သိ ရသည်။

ထို့အပြင် ပြည်တွင်း၌ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် ဖမ်းဆီးခံရသူများသည် အမှန်တစ်ကယ် ရာဇဝတ်မှုကျူးလွန်ထားသူများဖြစ်‌ကြောင်းလည်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အွန်လိုင်းလိမ်လည်မှုများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်းလုံခြုံရေးအဖွဲ့များ၏ ဆောင် ရွက်မှုများဖြင့် ဖမ်းဆီးနှိမ်နင်းမှုများဆောင်ရွက်ခဲ့ပြီး သတင်းတု၊ သတင်းမှားများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် တရုတ်သတင်းဌာနများသို့ အမှန်သတင်းများရရှိအောင် ဖြေ ကြားပေးလျက်ရှိကြောင်း၊ Package Tour အစီအစဉ်ဖြင့်လာရောက်သော တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား ဝန်ကြီးဌာန၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်ခရီးသွားရာသီတွင် မြန်မာပြည်တွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာ့လှည့်ခရီးသည်များကို Tourist Visa On Arrival စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ပြီး ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စုစု

ဓာတ်ပုံ- တရုတ်သံရုံး

#ယနေ့ခေတ်

မြန်မာနိုင်ငံသို့ မလည်ပတ်ရန် တရုတ်အချင်းချင်း သတိပေးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်