မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ ရုန်းကန်နေရ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်းမှ နာမည်ကျော်ဖက်ရှင် brands ကုမ္မဏီအချို့ ထွက်သွားခဲ့သော်လည်း ရန်ကုန် မြို့တွင် အထည်ချုပ် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး အထည်ချုပ်အလုပ်သမားများ ရုန်းကန်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမဖြစ်ခင်က အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်သူအရေအတွက် ၇ သိန်းခန့်ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ပထမ ငါးလအတွင်း မြန်မာနိုင် ငံတွင် အထည်ချုပ်လုပ်ငန်းအပါအဝင် ပြည်ပတင်ပို့သော ထုတ်လုပ်ရေးလုပ်ငန်းများ ၁၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။

ဂျပန်နိုင်ငံရှိ စားသုံးသူများအတွက် ဘောင်းဘီတိုများ ချုပ်လုပ်ပေးနေသော မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မမြတ်ဆိုသူက ၎င်းတို့သည် တစ်ပတ်ကို နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ခြောက်ရက် အလုပ်ဆင်းရကြောင်း၊ တစ်ရက်ကို နှစ်နာရီကျော် အချိန်ပိုဆင်းရကြောင်း၊ အချိန်ပိုဆင်းခ မရကြောင်းပြောသည်။

၎င်းက “ အထည်ချုပ်စက်ရုံ ကြီးကြပ်ရေးတာဝန်ခံဟာ ကျွန်မတို့ကို အချိန်ပိုကြေး မပေးနိုင်တဲ့အကြောင်းကို ပြောထားတယ်။ ဒါပေမယ့် အော်ဒါတွေအများကြီးရှိနေတဲ့အတွက် အချိန်ပိုလုပ်ပေးရမယ်လို့ ပြောထားတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်တွင်ငွေတန်ဖိုးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ၎င်းတို့လစဉ်ရရှိသော တစ်လလုပ်ခ ၂၈၀,၀၀၀ ကျော်က လျော့နည်းနေသလိုမျိုး ဖြစ်နေကြောင်း ပြောသည်။

၎င်းက “ အာဏာအငြင်းပွားမှု မဖြစ်ခင်က ကျွန်မတစ်လလုပ်ခ မြန်မာကျပ်ငွေ ၂၄၀,၀၀၀ ခန့်ရတယ်။ အဲဒီငွေက ပိုလျှံပြီး စုနိုင်သေးတယ်။ လက်ရှိအချိန်မှာတော့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လစာငွေ လောက်ငှမှုမရှိတော့ပဲ သူငယ်ချင်းတွေဆီကနေ ချေးယူရတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်ကုမ္မဏီများ ထွက်သွားခဲ့သော်လည်း လက်ရှိအချိန်အထိ ကမ္ဘာကျော်ဖက်ရှင်ကုမ္မဏီများ၏ ၁၀ ရာခိုင်နှုန်းအတွက် မြန်မာအထည်ချုပ်လုပ်ငန်းများက ချုပ်ပေးနေဆဲဖြစ်ကြောင်း European Union-funded Smart Factories Programme ခေါင်းဆောင် Jacob Andrew Clere ကပြောသည်။

ကောင်းထက်ငွေ

straitstimes.com

#ယနေ့ခေတ်

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ ရုန်းကန်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်