မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ရှိ ဗီယက်နမ်နိုင်ငံသားများကို ဗီယက်နမ်အစိုးရ သတိပေးချက်များ ထုတ်ပြန်

ဟနွိုင်း၊ နိုဝင်ဘာ ၁၀

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်သို့ ခရီးသွားလာခြင်းများ မလုပ်ဆောင်ရန် တိုက်တွန်းထား ကြောင်းသိရသည်။

ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိနေသည့် ဗီယက်နမ်နိုင်ငံသားများ အနေဖြင့်လည်း တတိယနိုင်ငံသို့ သွားရောက်ရန် သို့မဟုတ် ဗီယက်နမ်နိုင်ငံသို့ ပြန်လာစေလိုကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က ပြောသည်။

ဗီယက်နမ် နိုင်ငံသားများအနေဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ကောင်စစ်ဝန်ရုံးများနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ သတင်းအချက်အလက်များကို လေ့လာ စောင့်ကြည့်စေလိုကြောင်း ၎င်းကပြောသည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံး၊ တရုတ်နိုင်ငံရှိ ဗီယက်နမ်သံရုံး ကိုယ်စားလှယ်များနှင့် ဗီယက်နမ်နိုင်ငံသားများကို ကာကွယ်ပေးရန် ဆွေး နွေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတဆင့် လိမ်လည်နေသည့်ဂိုဏ်းများ၊ လောင်းကစားဂိုဏ်းများ လက်ထဲတွင် ပိတ်မိနေ သည့် ဗီယက်နမ်နိုင်ငံသား ၁၆၆ ဦးအပါအဝင် နိုင်ငံခြားသားရာချီကို ပြီးခဲ့သောရက်ပိုင်းက ပြန်လည်ကယ်တင်ပေးခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။

၎င်းက “ မြန်မာအာဏာပိုင်တွေက ပြန်လည်ကယ်တင်ပေးခဲ့တဲ့ နိုင်ငံခြားသားတွေထဲမှာ ဗီယက်နမ်နိုင်ငံသား ၁၆၆ ဦးပါဝင်ခဲ့တယ်။ အဲဒီသူတွေကို လက်ရှိအချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ထားပါတယ်.။” ဟု ပြောသည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အစ္စရေးနိုင်ငံကို ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံသား အားလုံးကိုလည်း နိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာရန် တောင်းဆိုခဲ့ကြောင်း သိသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသ အခြေနေများသည် ပိုမိုခက်ခဲရှုပ်ထွေးလာခြင်းကြောင့် ဗီယက်နမ်နိုင်ငံသားများသည် အစ္စရေးနိုင်ငံမှ မိခင်နိုင်ငံသို့ အမြန်ဆုံးပြန် လာစေလိုကြောင်း ၎င်းကပြောသည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံသား ၁၃ ဦး မိခင်နိုင်ငံသို့ ပြန်လာခဲ့ကြောင်း ပြောသည်။

#ကောင်းထက်ငွေ

vietnamplus.vn

#ယနေ့ခေတ်

မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ရှိ ဗီယက်နမ်နိုင်ငံသားများကို ဗီယက်နမ်အစိုးရ သတိပေးချက်များ ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်