မြစ်ငယ်ကုန်တွင်းဆိပ်မှ Export Cargo များ သီလဝါဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့မှု စတင်

ရန်ကုန်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ရှိ RGL ကုန်းတွင်းဆိပ် ကမ်းမှ Export Cargo များကို ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့မှု စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။

Maersk Shipping Line ၏ ကုန်သေတ္တာ(ကွန်တိန်နာ) အလုံး ၂၀ ကို အသုံးပြုပြီး RIO ကုမ္ပဏီ၏ ပြောင်းတန်ချိန် ၄၉၀ ကို တိုက်ရိုက်ကုန်သေတ္တာရထားဖြင့် စတင်သယ်ဆောင်နိုင်ခဲ့ သည်ဟု RGL မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးငြိမ်းသူက ပြောသည်။

မန္တလေးမှ တိုက်ရိုက်ကုန်တင်ပို့ခြင်းလုပ်ငန်းစဉ်၏ အကျိုးရလဒ်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်းက ပြောင်း၊ ဆန်၊ ပဲအမျိုးမျိုးနှင့် အခြားပို့ကုန်များ (သတ္တု၊ ကြေးနီ) စသည် များကို တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အချိန်နှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် မြန်မာ့မီးရထားကုန်သေတ္တာရထားဖြင့် ပို့ဆောင်နိုင်ပြီဟု ဆိုသည်။

မြစ်ငယ်ကုန်းတွင်းဆိပ်မှ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက်ကုန်သေတ္တာတင်ရထားဖြင့် သယ်ဆောင်ခဲ့သည့် ပြောင်းကုန်များကို ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံး တိုက်ရိုက် Export Cargo အဖြစ် တင်ပို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံသားပိုင် Resources Group Logistics (RGL) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွာသာကြီးကုန်းတွင်းဆိပ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြစ်ငယ်ကုန်းတွင်းဆိပ်များကို လုပ် ငန်းဆောင်ရွက်ခွင့်ရရှိထားကြောင်း သိရသည်။

အဆိုပါ ကုန်တွင်းဆိပ်နှစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၄၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး၊ ရွာသာကြီးကုန်းတွင်းဆိပ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ကာ မြစ်ငယ်ကုန်းတွင်းဆိပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကုန်းတွင်းဆိပ်ကမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်ဖြစ်ရန်၊ အာရှရထားလမ်း၊ အာရှအဝေးပြေးလမ်းမနှင့်နီးစပ်ရန်၊ ကုန်ပစ္စည်းထွက်ရှိသောနေရာဖြစ်ရန်နှင့် စက်မှုဇုန်များ တည်ရှိသောနေရာတို့အား သတ်မှတ်ပြီး ရွေးချယ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

မြစ်ငယ်ကုန်တွင်းဆိပ်မှ Export Cargo များ သီလဝါဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့မှု စတင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်