မြစ်ကြီးနား၌ ဒူးလေးပါတီ နာယက၏နေအိမ် လက်နက်ကြီးဖြင့် ပစ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒူးလေးပါတီနာယကဖြစ်သူ ဦးရွှေမင်း၏နေအိမ်အား လက်နက်ကြီးဖြင့်ပစ်ခံရပြီး ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်၊ ညပိုင်းက မြစ်ကြီးနားမြို့၊ ရမ်ပူနယ်မြေ (၁၈) ရှိ ဒူးလေးပါတီရုံးခန်းနှင့် နာယက၏နေအိမ်ကို လက်နက်ကြီးဖြင့် သုံးချက်ခန့်ပစ်ခတ်ခံရကြောင်း သိရသည်။

” ၄၀ မမ လက်နက်ကြီးနဲ့ အိမ်နားကနေ ကပ်ပစ်သွားတာတဲ့။ အသံက အကျယ်ကြီးသုံးချက် ကြားရတယ်။ ပစ်ခံရပြီး သိပ်မကြာဘူး လုံခြုံရေးအဖွဲ့တွေရောက်လာပြီး လာစစ်ကြ တယ်။ အိမ်အမိုးပျက်စီးတယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် နေအိမ်၊ ကားဂိုဒေါင်အမိုးနှင့် ကားတစ်စီးပျက်စီးခဲ့ကာ ပစ်ခတ်ခံရမှုဖြစ်ပွားစဉ် ဒူးလေးပါတီနာယကမှာ အိမ်ပြင်ပသို့ ရောက်ရှိနေချိန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဒူးလေးပါတီနာယကဖြစ်သူ ဦးရွှေမင်းမှာ လီဆူး ပြည်သူ့စစ်ခေါင်းဆောင်တစ် ဦးဖြစ်ပြီး နစကမှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆု ရရှိထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

၎င်း၏နေအိမ်အား ပစ်ခတ်မှုကို KIA , PDF အဖွဲ့မှ လုပ်ဆောင်ခြင်းဟု ပြောဆိုမှုများရှိပြီး ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

အလားတူ ဇန်နဝါရီ ၁၄ ရက်၊ ညပိုင်းက မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်နှင့် ဇန်နဝါရီ ၁၅ ရက်၊ ညပိုင်းက ရွှေပြည်သာရပ်ကွက်တို့၌ ပေါက်ကွဲမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့၌ ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ခပ်စိပ်စိပ်ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြစ်ကြီးနား၌ ဒူးလေးပါတီ နာယက၏နေအိမ် လက်နက်ကြီးဖြင့် ပစ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်