မဲဆောက်၌ ဒရုန်းများပြုလုပ်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးခန့်ကို ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၅

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ ဒရုန်းများပြုလုပ်နေသည့် အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦးခန့်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း ဒေသခံ ထိုင်းနိုင်ငံသားအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

စက်တင်ဘာ ၃ ရက်၊ ညနေပိုင်းက မဲဆောက်မြို့မှ ကားဖြင့်သွားပါက ၄၅ မိနစ်ခန့်သွားရသည့် မဲ့ကဆာကျေးရွာရှိ နေအိမ်တစ်လုံးတွင် ငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားများ ဒရုန်းများတပ်ဆင်ထုတ်လုပ်နေကြောင်း ကျေးရွာအတွင်းနေထိုင်သူများက ဒေသဆိုင်ရာ အာဏာပိုင်များအား တိုင်ကြားရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အပေါ် ကျေးရွာအတွင်းနေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ နောက်ဆို အိမ်ကိုဘယ်သူ့ငှားမလဲ၊ သေသေချာချာစဉ်းစားရ မယ်” ဟု ထိုင်းဘာသာဖြင့် ရေးသားထားကာ ဓါတ်ပုံလည်းဖော်ပြထားသဖြင့် ထိုင်းနိုင်ငံသားအများအပြားက အဆိုပါပို့စ်အား ပြန်လည်မျှဝေထားပြီး မှတ်ချက်ပြုသူများလည်း ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အဆိုပါကျေးရွာ၌ အိမ်ငှားနေထိုင်သည့် အမျိုးသမီးအချို့အပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦးခန့်ဟုသာသိရပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိ ရပေ။

ဒေသခံများနှင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေရာ နည်းပညာမြင့် ဒရုန်းများ၊ လက်လုပ်ဒရုန်းများ၊ ပရင်တာများနှင့် ဆက်စပ်ပစ္စည်းများစွာ ဖမ်းဆီးရမိကြောင်းသိရပြီး အရေအတွက်အတိအကျကိုမူ မသိရသေးပေ။

မောင်ဇော်

ဓါတ်ပုံ – ဒေသခံများက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည့် ပုံများ

#ယနေ့ခေတ်

မဲဆောက်၌ ဒရုန်းများပြုလုပ်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦးခန့်ကို ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်