မုံရွာမြို့၌ စားအုန်းဆီဝယ်မရ၍ ဒေသခံများအခက်တွေ့နေ

ရန်ကုန်၊ စက်တင်ဘာ ၆

မုံရွာမြို့၌ စားအုံးဆီဝယ်မရ၍ ဒေသခံများအခက်တွေ့နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ယနေ့ခေတ်ကို ပြောသည်။

လက်ရှိ မုံရွာမြို့တွင် စားအုံးဆီတစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ပေါက်ဈေးရှိပြီး စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး စားအုန်းဆီဈေးကျဆင်းစေရန် သတ်မှတ်ပေး သည့်ဈေးနှုန်းဖြင့် ရောင်းချရန် လုပ်ဆောင်ထားသော်လည်း သယ်ယူစရိတ်များနှင့် အထွေထွေကုန်ကျစရိတ်များကြောင့် ဆီဆိုင်များမှ သတ်မှတ်ဈေးဖြင့် မရောင်းချနိုင်ဘဲ အရောင်း ပိတ်ထားကြောင်း သိရသည်။

“ဆီဆိုင်တွေက မရောင်းကြတော့ဘူးဗျ။ အပြင်မှာ စားဆီတစ်ပိဿာကို တစ်သောင်းကျော်နေတယ်။ သူတို့က ဆိုင်တွေကို တစ်ပိဿာ ခုနှစ်ထောင်နဲ့ ရောင်းခိုင်းတော့ ဆီဆိုင်တွေ က မရောင်းတော့ဘူး။ မြေပဲဆီက တစ်ပိဿာကို နှစ်သောင်းကျော်နေတော့ တော်ရုံဝယ်မစားနိုင်ကြဘူး။ ခဏဆို မသိသာပေမယ့် ရက်ရှည်လာရင် တော်တော်ခက်ခဲလိမ့်မယ်။ ” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုမှ နေရပ်မပြန်နိုင်သေးသည့် ဒေသခံစစ်ဘေးရှောင် တစ်ထောင်ခန့်သည်လည်း ဆီဝယ်ယူရန် ခက်ခဲနေခြင်းကြောင့် ရိက္ခာအခက် အခဲနှင့် နေရာထိုင်ခင်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မုံရွာမြို့၌ စားအုန်းဆီဝယ်မရ၍ ဒေသခံများအခက်တွေ့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်