မီးဖိုချောင်သုံးဂက်စ် တစ်ပိဿာ တစ်သောင်းထိ ဈေးမြင့်တက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်း၌ မီးဖိုချောင်သုံး LPG ဂက်စ်များ ဈေးမြင့်တက်နေပြီး၊ အချို့ဂက်စ်ဆိုင်များမှာ ပိတ်ထားကြောင်း သုံးစွဲသူများထံမှ သိရသည်။

ပြီးခဲ့သည့်လမှစတင်ကာ မီးဖိုချောင်သုံး LPG ဂက်စ်များ ပြတ်တောက်မှု ဖြစ်ပေါ်နေပြီး တစ်ပိဿာ တစ်သောင်းကျပ်ထိပေးကာ ဝယ်ယူသုံးစွဲနေရ၍ အခက်အခဲများဖြစ်ပေါ်နေ ကြောင်း သိရသည်။

“ ဂက်စ်ဆိုင်တွေပိတ်ကုန်တာ တစ်ပတ်လောက်ရှိပြီ။ အိမ်သုံးတောင် ပိဿာချိန်မပေးဘူး။ ဆိုင်တောင် တစ်ပိဿာပဲရတယ်။ ရင်းနှီးတဲ့ သူကိုပဲရောင်းပေးတယ်။ တစ်ပိဿာ တစ်သောင်းထိဈေးတက်တယ်။” ဟု အစားအသောက်ရောင်းချသူတစ်ဦးက ပြောသည်။

မီးဖိုချောင်သုံး LPG ဂက်စ်မှာ ယခင်က တစ်ပိဿာ လေးထောင်ကျပ်ရှိခဲ့ရာမှ အနည်းငယ်စီ ဈေးနှုန်း​မြင့်တက်လာခဲ့ပြီး တစ်ပိဿာ ရှစ်ထောင်ကျပ်အထိရှိခဲ့ကာ ပြီးခဲ့သည့်တစ် ပတ်အတွင်းက တစ်ပိဿာ ခုနစ်ထောင်ကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး ယခုအခါ တစ်ပိဿာ တစ်သောင်းကျပ်ထိ ဈေးနှုန်းမြင့်တက်လာသော်လည်း လိုသလောက်ဝယ်ယူ၍မရကြောင်း သိရသည်။

“ သင်္ဃန်းကျွန်းဘက်တွေမှာ အကြော်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ အခက်တွေ့နေတာလေ။ တစ်ပိဿာ တစ်သောင်းထိဈေးတက်တယ်၊ ရတယ်ဆိုပြီး အပြေးအလွှားသွားတန်းစီ တာတောင် မရခဲ့ဘူး။” ဟု စမူဆာသုပ်ရောင်းချသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း မီးဖိုချောင်သုံး LPG ဂက်စ်မှာ ခွဲတမ်းမရသဖြင့် ဂက်စ်ဆိုင်အချို့မှာ ပိတ်ထားခဲ့ရကြောင်း သိရသည်။

မီးဖိုချောင်သုံး LPG ဂက်စ်များကို စားသောက်ဆိုင်နှင့် ဟိုတယ်များ၌ အများဆုံးအသုံးပြုနေကြပြီး ယခုနောက်ပိုင်း လျှပ်စစ်မီးပြဿနာကြောင့် အိမ်ရှင်မများ၊ အစာပြေစာရောင်း ချသူများ၊ လမ်းဘေးဈေးသည်များပါ အသုံးပြုလာကြကြောင်း သိရသည်။

ဈေးကွက်အတွင်း မီးဖိုချောင်သုံး LPG ဂက်စ်မှာ တစ်ပိဿာလျှင် တစ်သောင်းကျပ်ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး အိမ်သုံးဂက်စ် ဗူးအသေးမှာ တစ်ဗူးလျှင် ရှစ်ရာကျပ်မှ ယခုအခါ တစ်ထောင့်ငါးရာကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

“ ညနေပိုင်းလေးပဲ ဆိုင်ထွက်တာလေ။ နှစ်ပိဿာဆို သုံးရက်လောက်ပဲ သုံးရတယ်။ ဆိုင်မှာ တခြားပစ္စည်းတွေကလည်း ဈေးတက်နေတာ။ အကင်တွေရော အရွက်တွေရော။ အခု က ဂက်စ်ပါဈေးတက်ပြီဆိုတော့ ဘယ်လိုဆက်ပြီးရောင်း ရမှန်းတောင်မသိတော့ဘူး။” ဟု မာလာရှမ်းကော ရောင်းချသူတစ်ဦးက ပြောသည်။

အဆိုပါ မီးဖိုချောင်သုံး LPG ဂက်စ်အား ထိုင်းနိုင်ငံမှ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ကြောင်း သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – ချစ်ချစ်ခိုင်

#ယနေ့ခေတ်

မီးဖိုချောင်သုံးဂက်စ် တစ်ပိဿာ တစ်သောင်းထိ ဈေးမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်