မိုးညှင်း၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦးသေဆုံးကာ ကလေးနှစ်ဦးနှင့် မိခင်တို့ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ နံနက်ပိုင်းက သားအမိလေးဦး လမ်းလျှောက်လာစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံးကာ မိခင်နှင့် ကလေး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတစ်သင်းထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီကျော်က မိုးညှင်းမြို့၊ ထန်းတပင်ကျေးရွာအနီး၊ တက္ကသိုလ်ကျောင်းလမ်းဘေးတွင် သားအမိလေးဦးတို့ လမ်းလျှောက်လာကြစဉ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ကလေးငယ်သုံးဦးနှင့် မိခင်တို့အား ထိမှန်ခဲ့ကြောင်း သိရသည်။

“ အမေက ကလေးတွေကို မုန့်ဝယ်ကျွေးဖို့ လမ်းလျှောက်လာရင်း ညီအကိုနှစ်ယောက်ကြားထဲကို လက်နက်ကြီးကျည် ပြုတ်ကျတာ။ သေဆုံးတဲ့ကလေးက ကျောနဲ့ ကလီစာတွေ ကိုထိပြီး သေဆုံးတာ။ နောက်ကလေးတစ်ယောက်က ခြေထောက်ပြတ်သွားတယ်။ နောက်တစ်ယောက်နဲ့ မိခင်ကတော့ ကျည်စတွေဖောက်ဝင်သွားတာ။” ဟု ကူညီပေးခဲ့သူ တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်နက်ကြီးကျည်ထိမှန်၍ အသက် ၉ နှစ်ဝန်းကျင် ကလေးငယ်မှာ သေဆုံးခဲ့ကာ၊ အသက် ၇ နှစ်ဝန်းကျင် ကလေးငယ်မှာ ခြေထောက်ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး၊ မိခင်နှင့် ကျန် ကလေးငယ်မှာ ကျည်စဖောက်ဝင်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရန် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း နစကတပ်များနှင့် KIA, PDF အဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိပြီး၊ ယခုရက်ပိုင်း၌ ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ယနေ့တွင် လက်နက်ကြီးကျည် ကျရောက်ခြင်းဟု ဒေသခံများက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသော နှစ်ဖက်တိုက်ပွဲများကြောင့် ကျည်ထိမှန်၍ ကလေးငယ်များအပါအဝင် ဒေသခံ ၁၀၀ ဦးထက်မနည်း ထိ ခိုက်သေဆုံးမှုဖြစ်လျက်ရှိကြောင်း ယခုရက်ပိုင်း၌ အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – မေတ္တာလေညှင်း လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

မိုးညှင်း၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦးသေဆုံးကာ ကလေးနှစ်ဦးနှင့် မိခင်တို့ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်