မလေးရှားတွင် မြေပြိုမှုဖြစ်ပွား မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးပြီး သုံးဦးရှာဖွေနေဆဲ ဟုဆို

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၆

မ‌လေးရှားနိုင်ငံ Cameron Highlands အရပ်ဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ပိတ်မိနေသူများကို ပြန်လည်ရှာဖွေကယ်ဆယ်ရန် အရှိန်မြင့်ကြိုးပမ်းနေပြီး လက်ရှိအချိန်တွင် သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။

မြေပြိုမှုသည် ဒီဇင်ဘာ ၂၆ ရက်၊ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး၊ နံနက် ၁၁ နာရီတွင် သေဆုံးလျက်ရှိနေသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး၊ အခြားသုံးဦးမှာ မြေကြီးထဲ ပိတ်မိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့ကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

မြေကြီးပြိုကျခဲ့ပြီး အပျက်စီးများကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ မြေပြိုမှုဒဏ်ကို မြန်မာနိုင်ငံသားငါးဦး တွေ့ကြုံခဲ့ရခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းပြန်တွေ့ခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးက အသက် ၂၅ နှစ်နှင့် အသက် ၅၆ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။

ထိုအပြင် မလေးရှားကယ်ဆယ်ရေးအဖွဲ့များသည် ပြန်လည်တွေ့ရှိခဲ့သော ရုပ်အလောင်းနှစ်လောင်းကို ရဲတပ်ဖွဲ့ထံ ထပ်မံလွှဲပြောင်းစစ်ဆေးနေကြောင်း ပြောသည်။

မလေးရှားအာဏာပိုင်များက မြေပြိုမှုကြောင့် ပိတ်မိနေဆဲဖြစ်သည့် မြန်မာနိုင်ငံသားသုံးဦးသည် အသက်ရှင်မည်ဟုယုံကြည်ကြောင်း၊ ရှာဖွေမှုများကို အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

မလေးရှားတွင် မြေပြိုမှုဖြစ်ပွား မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးပြီး သုံးဦးရှာဖွေနေဆဲ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်