မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပြန်ဖွင့် စစ်ဆေးမှုများကြောင့် ကြန့်ကြာမှုများရှိ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ယမန်နေ့က မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စစ်ဆေးမှုများကြောင့် လမ်းပိုင်းကြန့်ကြာမှုများရှိနေကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ရှင်များထံမှ သိရသည်။

နိုဝင်ဘာ ၁၆ ရက်မှစတင်ပြီး ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်သည့် နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်အား ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အခြားဆက်စပ်လမ်းပိုင်းများပါ ပိတ်ထားခဲ့ရာမှ ယမန်နေ့က ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“ မနေ့ကပြန်ဖွင့်ပေးတယ်။ လမ်းတွေမှာ အစစ်ဆေးက အရင်ထက်စာရင် ပိုများလာတယ်။ ပြီးတော့ ပုပ်သိုးခံတဲ့ကုန်တွေကိုပဲ တင်တော့တယ်။ လမ်းခရီးက ပုံမှန်ထက် အချိန်ကြာ တော့လေ။ စဖွင့်ပေးတဲ့နေ့က ကားသေးလေးတွေသွားခွင့်ပေးတယ်။ ဒီနေ့ကျမှ ကုန်ကားတွေ စသွားတယ်” ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများပြားနေ၍ သွားလာရခက်ခဲမှုကို ကြုံတွေ့ရကြောင်း ခရီးသွားများကလည်း ပြောကြားသည်။

ထိုသို့ လမ်းပိုင်းပိတ်ထားခဲ့ချိန်တွင် မန္တလေးဘက်မှ ဆင်းလာသည့်ကုန်ကားများ အဝင်မရှိခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ်၌ အခြေခံစားသောက်ကုန်စည်များ ဈေးမြင့်တက်နေ ကြောင်းလည်း သိရသည်။

မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ အင်းတော်၊ ထီးချိုင့်မြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်းမြို့ပေါ်မှ အရပ်သား ထောင်နှင့်ချီမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-မြစ်ကြီးနား ကားလမ်းပိုင်းမှာလည်း နိုဝင်ဘာ ၁၆ ရက်မှ ယနေ့အထိ ပိတ်ထားခဲ့သောကြောင့် ကုန်စည်ပို့ဆောင်ရ ခက်ခဲလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပြန်ဖွင့် စစ်ဆေးမှုများကြောင့် ကြန့်ကြာမှုများရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်