မင်းပြား၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၌ ယမန်နေ့က လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကလေးတစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်ရှိ လူနေအိမ်တစ်လုံးကို လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာမှာပင်သေဆုံးခဲ့ကာ၊ ဒေသခံ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ လူနေအိမ်ကို လက်နက်ကြီးထိတာလို့ သိရတယ်။ အိမ်ထဲမှာရှိနေတဲ့ အသက် ၁၃ နှစ်အရွယ် မစံပယ်ဆိုတဲ့ မိန်းကလေးငယ်က ပွဲချင်းပြီးသေဆုံးသွားတယ်။ သူ့နဲ့အတူတူရှိနေတဲ့ ကလေးတွေအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများမှာ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကာ ဒဏ်ရာပြင်းထန်သူအချို့မှာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့က စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ် သို့ ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှစ၍ ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် နစကတပ်များနှင့် AA အဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများကြောင့် ယနေ့အထိ ကလေးငယ်များအပါအဝင်၊ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ၊ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မင်းပြား၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်