ဘုတ်ပြင်း၌ တရားရုံးသို့လာသည့် လင်မယားနှစ်ဦး လမ်း၌ပစ်ခတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ ယမန်နေ့က တရားရုံးသို့လာသည့် လင်မယားနှစ်ဦး လမ်းတွင်ပစ်ခတ်ခံရ၍ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၄ ရက်၊ နေ့လည်က ဘုတ်ပြင်းမြို့နယ်၊ အေးမြသာယာကျေးရွာ၌နေထိုင်သူ လင်မယားနှစ်ဦးမှာ မြို့နယ်တရားရုံးတွင် ရုံးချိန်းရှိ၍ အဆိုပါကျေးရွာမှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ ဦးခင်ဦးနဲ့ ဒေါ်စန်းကြူတို့ လင်မယားနှစ်ယောက်က တရားရုံး ရုံးချိန်းရှိလို့ ဘုတ်ပြင်းကို ဆိုင်ကယ်နဲ့ထွက်လာတုန်း ဟန်ကပြုရွာ၊ တောင်ဒဂုံဆီအုန်းလမ်းအရောက်မှာ အနောက်က ဆိုင်ကယ်နဲ့ကပ်လိုက်လာတဲ့ လူနှစ်ဦးက သေနတ်နဲ့ပစ်သွားတာ။ နှစ်ဦးစလုံး ဒဏ်ရာပြင်းတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ လင်မယားနှစ်ဦး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရပြီး မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိနေကြောင်း သိရ သည်။ ၎င်းတို့နှစ်ဦးအား မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ဩဂုတ် ၁ ရက်က ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းကျေးရွာ၌ နေအိမ်တွင်ရှိနေသည့် မိသားစုဝင်သုံးဦးအား လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အသက် ၆၀ ဝန်းကျင် လင်မယားနှစ်ဦး သေဆုံးကာ၊ အသက် ၂၄ နှစ်အရွယ် သားဖြစ်သူတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အချို့ လှုပ်ရှားသွားလာလျက်ရှိပြီး ယခုနှစ်အတွင်း ထိုဒေသတွင် ပစ်ခတ်ခံရ၍ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိ သူ ၂၀ ဦးထက်မနည်း ရှိကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဘုတ်ပြင်း၌ တရားရုံးသို့လာသည့် လင်မယားနှစ်ဦး လမ်း၌ပစ်ခတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်