ဘန်ကောက်တွင် ထိုင်းအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီးကို အဓမ္မကျင့်

ရန်ကုန်၊ ဩဂုတ် ၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုရက်ပိုင်းအတွင်း အလုပ်ရုံတစ်ခု၏ လူနေလိုင်းခန်းအတွင်း မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းအမျိုးသားတစ်ဦးက အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ သည်ဟု ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအား အကူအညီပေးနေသည့် MHAC မဟာမိတ်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အသက် ၁၈နှစ်အရွယ် အိမ်ထောင်သည် မြန်မာအမျိုးသမီးအား ယောက်ျားဖြစ်သူ အလုပ်သွားနေခိုက် ထိုင်းလူမျိုး လူငယ်အမျိုးသားတစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ ကြောင်း MHAC မဟာမိတ်အဖွဲ့ ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက အော်ဟစ်အကူအညီတောင်းသော်လည်း ဘေးတစ်ခန်းကျော်မှ တရားခံ၏ဦးလေးတော်သူ ထိုင်းအမျိုးသားက သီချင်းကို ဆောင်းဘောက်ဖြင့် အသံကျယ်ဖွင့်၍ ဘေးအခန်းမှလူများ မကြားရစေရန် အားပေးအားမြှောက်လုပ်ခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရသည်ဟု MHAC မဟာမိတ်အဖွဲ့က လူမှုကွန်ယက်တွင် ရေးသား ထားသည်။

ယခုအခါ မြန်မာအမျိုးသမီးမှာ MHAC မဟာမိတ်အဖွဲ့သို့ ကူညီပေးပါရန် ဆက်သွယ်လာ၍ ထိုင်းရှိအမျိုးသမီးရေးရာအဖွဲ့များနှင့် ပူးပေါင်း၍ ဆေးစစ်ချက်နှင့် ကနဦးအမှုဖွင့်တိုင် ကြားခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသား၏ ထိုင်းမှတ်ပုံတင်နှင့် နေရပ်လိပ်စာကို ရရှိထားပြီဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ ထံမှ သိရသည်။

မောင်ဇော်

ဓါတ်ပုံ – MHAC မဟာမိတ်အဖွဲ့

#ယနေ့ခေတ်

ဘန်ကောက်တွင် ထိုင်းအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီးကို အဓမ္မကျင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်