ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များ အခက်ကြုံ

ရန်ကုန်၊ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များအခက်ကြုံနေကြောင်း လုပ်ငန်းရှင် များ၏ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လမ်းပိုင်းအားလုံးကို နစကဘက်မှ ပိတ်ထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေးသည်လည်း အဓိကရပ်ဆိုင်း သွားခဲ့ခြင်းဖြစ်သည်။

“ ခုချိန်ထိလည်း လမ်းကြောင်းက ပြန်မဖွင့်သေးဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရေထွက်ကုန်အနေနဲ့ ငါးမြစ်ချင်းတွေကို အဓိကတင်ပို့တာ။ အခုကျတော့ မပို့ရတော့ဘူး။ လုံးဝရပ်နေ တာပေါ့။ အဆင်မပြေဘူး။ တရုတ်တို့၊ ထိုင်းတို့ဘက်ဆိုရင် ပို့တဲ့လမ်းကြောင်းကအများကြီး။ ဒီမှာကမရှိဘူး။” ဟု ရေထွက်ကုန်တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၉ ရက်အထိ ကိုးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၁၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈၉ သန်းနှင့် စုစုပေါင်းကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၀၃ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အလားတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅၇၄ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ထက်ဝက်လျော့ကျ ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ကုန်သွယ်ရေးလမ်းကြောင်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်၊ ချင်း အစရှိသည့် စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေချိုငါး အဓိကတင်ပို့နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များ အခက်ကြုံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်