ဖယ်ခုံအရှေ့ခြမ်းရှိ စစ်ရှောင် ၅၀၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ် အရှေ့ ဘက်ခြမ်းသို့ လာရောက်စစ်ဘေးတိမ်းရှောင်သူ ၅၀၀၀ နီးပါးအတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။

ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း၌ စစ်ဘေးတိမ်းရှောင်နေသူအများစုမှာ ပြီးခဲ့သည့်လက တိုက်ပွဲများကြောင့် လွိုင်ကော်မြို့နယ်မှ လာရောက်တိမ်းရှောင်ကြသူများဖြစ်ပြီး၊ ဒီဇင်ဘာ ၅ ရက်အထိ စာရင်းများအရ စစ်ရှောင်စုစုပေါင်း ၄၈၄၉ ဦးရှိကြောင်း သိရသည်။

လွိုင်ကော်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများပါဝင် ပြီး ၎င်းတို့တွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

“ စစ်ရှောင်သူအချို့က အရေးပေါ်ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက် နေရာထိုင်ခင်းအခက်အခဲများ၊ စားနပ်ရိက္ခာ မလုံလောက်ခြင်းများ၊ အထူးသဖြင့် ဆေးဝါးများ အရေးပေါ်လို အပ်ချက်ရှိနေတာကို တွေ့ရပါတယ်။” ဟု ဒေသတွင်းစစ်ရှောင်ကူညီရေးအဖွဲ့မှ အသင်းသားတစ်ဦးက ပြောကြားသည်။

အဆိုပါစစ်ရှောင်များအတွက် ဝိုင်းဝန်းကူညီပေးကြပါရန် စစ်ရှောင်ကူညီသူများက အကူအညီတောင်းခံထားသည်။ ထို့ပြင် ဖယ်ခုံမြို့အနီးရှိ မိုးဗြဲမြို့နယ်တွင်လည်း စစ်ဘေးတိမ်း ရှောင်သူ ထောင်ချီရှိပြီး ၎င်းတို့အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်မှစ၍ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော KNPP မှ လွိုင်ကော်မြို့ကို စတင်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိ လွိုင်ကော်တစ်မြို့လုံး နီးပါးနှင့် အနီးတဝိုက်ဒေသများမှ ဒေသခံငါးသောင်းထက်မနည်းမှာ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်အများစု ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ ကလော၊ ဆီဆိုင်၊ ဖယ်ခုံ စသည့်မြို့နယ်များတွင် ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကာ အကူအညီများစွာ လိုအပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် နိုင်ငံအနှံ့နီးပါးမှ တိုက်ပွဲများကြောင့် နိုဝင်ဘာလကုန်အထိ စစ်ရှောင်ပြည်သူ နှစ်သန်းနီးပါးရှိပြီး ၎င်းတို့အားကူညီနိုင်ရန် လိုအပ်ချက် များရှိနေကြောင်း UNOCHA မှ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။

#မောင်ဇော်

ဓာတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီရေးအဖွဲ့

ပုံစာ- လွိုင်ကော်မြို့မှ စစ်ရှောင်များအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

#ယနေ့ခေတ်

ဖယ်ခုံအရှေ့ခြမ်းရှိ စစ်ရှောင် ၅၀၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်