ပြည်ပဆန်တင်ပို့မှု ၅၀ ရာခိုင်နှုန်း လျော့နည်းဟု MRF ဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ပြည်ပသို့ဆန်တင်ပို့ရတွင် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။

“ ဆန်ပြည်ပတင်ပို့မှုနဲ့ ပတ်သက်ရင် မနှစ်ကနဲ့ ဒီနှစ် တန်ချိန်အားဖြင့်ပြောမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် လျော့နည်းတယ်။ ဒါပေမယ့် ဝင်ငွေအားဖြင့်ဆိုရင်တော့ ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက်ပဲ လျော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်ကရောင်းတဲ့ ဆန်ဈေးတွေက နိမ့်တယ်။ ဒီနှစ်ရောင်းတဲ့ ဆန်ဈေးတွေကမြင့်တယ်။ ဒါကြောင့်မို့ တစ်ဖက်က တန်ချိန်အားဖြင့် လျော့နည်းမှုရှိသော်လည်းပဲ ဝင်ငွေအားဖြင့် သိပ်ပြီးတော့၊ တန်ချိန်လောက် မလျော့ဘူးဆိုတဲ့ ဟာလေးကိုတော့ ပြောချင်ပါတယ်။” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဆန်ဈေးကွက်၌ မြန်မာ့ဆန်များသည် အမျိုးအစားပေါ် မူတည်ကာ တစ်တန်လျင်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၅၀၊ ၄၀၀ ဝန်းကျင်သာ ဈေး ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း တစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်အထိ ဈေးရရှိနေကြောင်း သိရသည်။ ထို့ကြောင့် ဝင်ငွေအားဖြင့်ပိုကြောင်း ၎င်းကပြောကြားခြင်း ဖြစ်သည်။

MRF ၏ ခန့်မှန်းချက်အတွင်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ စသဖြင့် ပိုကုန်ကာလ ၆ လအတွင်း တစ်လလျှင် တန်ချိန် ၂ သိန်း ရောင်းချနိုင်မည်ဟု ဆိုထားသော် လည်း အောက်တိုဘာလအတွင်း တင်ပို့နိုင်စွမ်းလျော့နည်း ရောင်းချသည့်အနေအထားရှိခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပဆန်တင်ပို့မှု ၅၀ ရာခိုင်နှုန်း လျော့နည်းဟု MRF ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်