ပြည်ပခရီးသွားဧည့်သည်များကို ပုဂံဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်မည့် ပြည်ပခရီးသွားဧည့်သည်များကို ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

အဆိုပါဇုန်ဝင်ကြေးကို လာမည့်အောက်တိုဘာ ၁ ရက်မှစပြီး နိုင်ငံခြားသားဧည့်သည်တစ်ဦးလျှင် ၃၀,၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ လာမယ့်ပွင့်လင်းရာသီမှာ စပြီးကောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို နေထိုင်လည်ပတ်ခွင့် (၃) ရက် သတ်မှတ်ပေးထားတယ်။ အဲ့ရက်ထက် ကျော်ရင်တော့ ဇုန်ဝင်ကြေးကို ထပ်မံကောက်ခံသွားမှာ ဖြစ်ပါတယ်။ မနှစ်ကတော့ ပြည်ပက အလာနည်းတယ်။ ပြည်တွင်းခရီးသွားက ပိုများတယ်။ ဒီနှစ်တော့ ပြည်ပခရီးသွား များမယ်လို့တော့ မျှော်မှန်းထားတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က ပုဂံဇုန်ဝင်ကြေးကို နိုင်ငံခြားသား ခရီးသွားတစ်ဦးလျှင် ၂၅၀၀၀ ကျပ်ကောက်ခံခဲ့ပြီး လည်ပတ်ခွင့်ကိုလည်း (၅)ရက် ခွင့်ပြုပေးခဲ့ကြောင်း၊ ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေသို့ လာရောက်လည်ပတ်သူများ တစ်ဆက်တစ်စပ်တည်း သွားရောက်နိုင်သည့် ခရီးစဥ်သစ် ၇ ခုကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

အလားတူ လာမည့်အောက်တိုဘာ ၁ ရက်မှစတင်ကာ မန္တလေးယဉ်ကျေးမှုဇုန်၊ ပင်ယ၊ အင်းဝယဉ်ကျေးမှုမြို့တော်သို့ နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လေ့လာပါက ဇုန်ဝင် ကြေး ငွေကျပ် ၁၅,၀၀၀ ကျပ်သို့ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စုစု

ဓာတ်ပုံ – အောင်ရဲသူ

#ယနေ့ခေတ်

ပြည်ပခရီးသွားဧည့်သည်များကို ပုဂံဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်