ပြည်တွင်းရွှေစျေး ၃၇ သိန်းနီးပါး ရောက်ရှိလာ

ရန်ကုန်၊ ဩဂုတ် – ၁၁

ပြည်တွင်းရွှေစျေးကွက်၌ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းနီးပါး ရောက်ရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယခင်ရက်များက အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းကျပ် ဝန်းကျင်ရှိနေရာမှ ယမန်နေ့က တရှိန်ထိုးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ၃၇ သိန်းကျပ်နီးပါးအထိ ရောက် ရှိလာခြင်းဟု သိရသည်။

“ သိန်း ၃၀ကျော်လေးကနေ တက်သွာပြီး ၃၄ သိန်းကျော်နဲ့ တစ်ပတ်လောက်ငြိမ်နေသေးတယ်။ မနေ့ကမှ ထပ်တက်လာတာ ဒီနေ့လည် ရောင်းစျေးက သုံးဆယ့်ခြောက်သိန်း ကိုး သောင်းကျပ်ပါ” ဟု ရန်ကုန်မြို့၌ ရွှေရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယမန်နေ့က နိုင်ငံခြားငွေလဲလှယ်သည့် ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာအပါဝင် အခြားငွေလဲနှုန်းများ ရုတ်တရတ်မြင့်တက်လာ၍ ရွှေစျေးမြင့်တက်ရခြင်းဟု ရွှေကုန်သည် များက ဆိုသည်။

ယခုနှစ်အတွင်း ပြည်တွင်းရွှေစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ကျော်ရှိနေရာမှ ပြီးခဲ့သည့်လက ကျပ်နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသည့် သတင်း ကြောင့် စျေးမြင့်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကလည်း ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ကျော် ရောက်ရှိပြီးနောက် ထိုစဉ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်းအထိ စံချိန် တင်စျေးနှုန်းအဖြစ် ရောက်ရှိခဲ့ဖူးကြောင်း သိရသည်။

ပြင်ပစျေးကွက်၌ ရွှေစျေးမြင့်တက်နေသော်လည်း ကမ္ဘာ့ရွှေစျေးမှာ တရိပ်ရိပ်ကျဆင်းလျက်ရှိကာ ယနေ့တွင် ရွှေတစ်အောင်စလျှင် ၁၉၁၈ ဒေါ်လာရှိပြီး ဗဟိုဘဏ်မှ သတ်မှတ် ထားသည့် ငွေလဲနှုန်း ၂၁၀၀ ကျပ်ဖြင့် တွက်ချက်ထားသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့နေ့လည် ရည်ညွှန်းစျေးမှာ အခေါက်ရွှေတစ်ကျပ်သား နှစ်ဆယ့်နှစ်သိန်း ငါးသောင်းကိုးထောင့်ခြောက်ရာကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်တွင်လည်း ကျပ်နှစ်သောင်းတန် သတင်းကြောင့် ငွေလဲနှုန်းမြင့်တက်မှုများရှိခဲ့ပြီး ယနေ့တွင် ပြင်ပငွေလဲလှယ်ရေးစျေးကွက်၌ အမေရိကန်တစ် ဒေါ်လာလျှင် ၃၅၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လျက်ရှိကာ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေအပါအဝင် အခြားငွေကြေးများလည်း စျေးမြင့်တက်နေကြောင်း ပြင်ပငွေလဲလှယ်ရေး စျေးကွက်မှ သိရသည်။

မောင်ဇော်

#ယနေ့ခေတ်

ပြည်တွင်းရွှေစျေး ၃၇ သိန်းနီးပါး ရောက်ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်