ပြည်တွင်းတွင် မဖြစ်မနေသုံးစွဲရမည့် သွင်းကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်သွင်းခွင့်ပြုမည်

ရန်ကုန်၊ ဩဂုတ် ၂၁

မြဝတီနယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင်ရရှိထားပြီးသော ကုန်ပစ္စည်းများအနက် ပြည်တွင်းတွင် သုံးစွဲရန် မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးများ၊ ဆေးဝါးပစ္စည်းများနှင့် စက်ရုံသုံးကုန်ကြမ်းပစ္စည်းများကို ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်ပို့နိုင်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦး စီးဌာနမှ အသိပေးကြေညာထားသည်။

ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်သွင်းခွင့်ပြုရာတွင် အကောက်အခွန်ဦးစီးဌာန၏ သွင်းကုန်ကြေညာလွှာ ID ထုတ်ယူမှုမှတ်တမ်းအရ အကောက်အခွန် ဦးစီးဌာနမှ စိစစ် ထောက်ခံထားသည့် လက်ကျန်စာရင်းအပေါ်တွင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ပို့ကုန်သမားတွေအတွက်က အခြားဂိတ်တွေက ပြောင်းပြီးပို့ဖို့ကို ခွင့်ပြုပေးပြီးသား။ သွင်းကုန်အတွက်ကတော့ အခုရေကြောင်းဘက်က ပြောင်းပို့နိုင်တယ်ဆိုပြီး ဖြစ်လာတာ။ ဒါတောင် သွင်းကုန်အားလုံးကို ခွင့်ပြုပေးထားတာမဟုတ်ဘူး။ အကန့်အသတ်နဲ့ ခွင့်ပြုပေးတာ” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြဝတီကုန်သွယ်ရေးဇုန်တွင် အခွန်ဆောင်ထားပြီးသည့် သွင်းကုန်ပစ္စည်းများ သွားလာနိုင်ခြင်းမရှိသေးဘဲ စောင့်ဆိုင်းနေရပြီး အာရှလမ်းပိုင်း ပြင်ဆင်ခြင်းကြောင့်ဖြစ်ကြောင်း၊ ဩ ဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်များမှာ ပြောင်းသီးနှံ၊ ကြက်သွန်နီ၊ ငရုတ်နှင့် ကံ့ကော်ဝတ်ဆံခြောက်များ တင်ပို့ခဲ့ပြီး သွင်းကုန်အဖြစ် အဝတ်ထည်၊ လျှပ်စစ်ပစ္စည်း များ၊ စားသောက်ကုန်များ၊ စက်ယန္တယားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့်စက်အပိုပစ္စည်းများနှင့် လူသုံးကုန််ပစ္စည်းအမျိုးမျိုးတို့ကို တင်သွင်းထားခဲ့ကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်တွင်းတွင် မဖြစ်မနေသုံးစွဲရမည့် သွင်းကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်သွင်းခွင့်ပြုမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်