ပြည်တွင်းတပ်ဆင်ထုပ်လုပ်သည့်ကား သုံးရာကျော် မှတ်ပုံတင်ထုတ်ပေးပြီးနောက် ဂျပန်ကားများ ဈေးထိုးကျလာ

ရန်ကုန်၊ စက်တင်ဘာ ၈

ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့်ကား SKD သုံးရာကျော်ကို ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ထုတ်ပေးပြီးနောက် ဂျပန်ကားများ ဈေးထိုးကျလာ ကြောင်း ကားအရောင်းအဝယ်လောကမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်အထိ SKD စနစ်ဖြင့် ပြည်တွင်းသို့ တင်သွင်းထုတ်လုပ်လာသည့် မော်တော်ယာဉ် ၂၆၆ စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် ၄၄ စီး၊ စုစုပေါင်း ၃၁၀ စီးကို ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ကားဈေးက ထိုးကျနေတာ။ အမြင့်ကားတွေက ပိုကျတယ်။ သိန်းသုံးထောင်ကျော်နဲ့ ရောင်းနေတဲ့ကားတွေက သိန်းတစ်ထောင်လောက် ကျသွားတယ်။ ဈေးသာကျတာ အရောင်း အဝယ်က မရှိဘူး။ ငွေမကိုင်ထားချင်တဲ့လူလောက်ပဲ ကားဝယ်ကြတာရှိတယ်။” ဟု မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို(ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။

ဂျပန်တစ်ပတ်ရစ်ကားများကို တင်သွင်းခွင့်ပိတ်ထားပြီး နှစ်နှစ်ကျော်ကာလအတွင်း ဂျပန်ကားများ ဈေးနှုန်းမြင့်တက်နေပြီး ပြည်တွင်းတွင် SKD ကား သုံးထောင်ကျော်ကို ကား ဈေးကွက်အတွင်း ရောင်းချပေးမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဂျပန်တစ်ပတ်ရစ်ကားများ ဈေးနှုန်းများစတင်ကျဆင်းလာပြီး SKD ကားဈေးနှုန်းမှာ တပ်ဆင်ထုတ် လုပ်သည့်ကုန်ကျစရိတ် သက်သာသည့်အပြင် အခွန်နှုန်းထားများ လျှော့ပေးထားခြင်း၊ ဇီးရိုးကီလိုကားအသစ်ဖြစ်နေသဖြင့် ဝယ်သူက ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။

အောင်သူရိန်

#ယနေ့ခေတ်

ပြည်တွင်းတပ်ဆင်ထုပ်လုပ်သည့်ကား သုံးရာကျော် မှတ်ပုံတင်ထုတ်ပေးပြီးနောက် ဂျပန်ကားများ ဈေးထိုးကျလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်