ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက်နေ

ရန်ကုန်၊ ဇူလိုင်- ၃၁

နိုင်ငံခြားငွေ လဲလှယ်နှုန်းများမှာ ပြင်ပဈေးကွက်တွင် အမြင့်ဈေးဖြင့်သာ ဆက်လက်ရပ်တည်နေပြီး မလေးရှားရင်းဂစ်နှင့် တရုတ်ယွမ်ငွေ လဲလှယ်နှုန်းမှာဆက်တက်မြင့်တက်လျက် ရှိကြောင်း ငွေလဲကောင်တာများမှ သိရသည်။

ယခု ဇူလိုင်လကုန်ပိုင်းတွင် မလေးရှားငွေလဲနှုန်းမှာ တစ်ရင်းဂစ်လျှင် ပြင်ပပေါက်ဈေး မြန်မာကျပ်ငွေ ၇၀၇ ကျပ်ဝန်းကျင်နှင့် တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၄၇၀ ကျပ်ထိရှိကြောင်း သိရသည်။

“ မလေးရှားက အခုတစ်ပတ်မှာ သိသိသာသာတက်လာတာလေ၊ ၆၀၀ ကျော်ဝန်းကျင်ကနေ ၇၀၀ ကျော်ထိ ထိုးတက်လာတာ၊ ဟိုဘက်မှာ အလုပ်လုပ်တဲ့သူတွေအတွက် ကောင်း တာလေ၊ အရင်နှစ်နဲ့ ယှဥ်ရင်တောင် ၃၀၀ လောက်ကွာတယ်” ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

မလေးရှားရင်းဂစ်ဈေးမှာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက တစ်ရင်းဂစ်လျှင် ၄၃၂ ကျပ်ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ လလယ်တွင် ၅၂၁ ကျပ်ဝန်းကျင်အထိရှိလာကာ ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လကုန် မှာတော့ တစ်ရင်းဂစ်လျှင် ၇၄၀ ကျပ်ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရသည်။

အလားတူ တရုတ်ယွမ်ဈေးမှာလည်း မြင့်တက်လာခဲ့ရာ ယနေ့ ဇူလိုင် ၃၁ ရက်မှာတော့ တစ်ယွမ်လျှင် ၄၇၀ ကျပ်အထိ မြင့်တက်လာ၍ တရုတ်နိုင်ငံထုတ် အလှကုန်၊ လူသုံးကုန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများမှာ ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း အွန်လိုင်းရှော့ပင် လုပ်ကိုင်သူများထံမှ သိရသည်။

“ လွန်ခဲ့တဲ့သုံးနှစ်လောက်က တစ်ယွမ် နှစ်ရာကျော်ဈေးမှာ တစ်သောင်းကျော်နဲ့ရောင်းခဲ့တဲ့အထည်တွေပါ။ အခုတစ်ယွမ် ငါးရာနားကပ်နေချိန်မှာ နှစ်သောင်းကျော်နဲ့ရောင်းတာဆို တော့ တွက်ကြည့်ရင် အရင်းကြီးပြီး အမြတ်နည်းနည်းဘဲရတာတွေ့မှာပါ” ဟု အွန်လိုင်းရှော့ပင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မလေးရှားရင်းဂစ်နှင့် တရုတ်ယွမ်ဈေးများသာမက ထိုင်းဘတ်ဈေးမှာလည်း မြင့်တက်လာခဲ့ရာ တစ်ဘတ်လျှင် ၉၉ ကျပ်ဝန်းကျင်အထိရှိလာကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃၁ ရက်၏ ပြင်ပပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင်၊ တစ်ယူရိုလျှင် ၃၆၀၀ ကျပ်ဝန်းကျင်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၂၄၇၀ ကျပ်၊ မ လေးရှားတစ်ရင်းဂစ်လျှင် ၇၄၀ ကျပ်ဝန်းကျင်၊ ထိုင်းတစ်ဘတ်လျှင် ၉၉ ကျပ်ဝန်းကျင်နှင့် တစ်ယွမ်လျှင် ၄၇၀ ကျပ် ဝန်းကျင်အထိရှိလာခဲ့ကြောင်း ဈေးကွက်လေ့လာချက်များအရ သိရသည်။

ဗဟိုဘဏ်၏ ရည်ညွှန်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်၊ တစ်ယူရိုလျှင် ၂၃၂၇ ကျပ်ဝန်းကျင်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၁၅၇၇ ကျပ်၊ မလေးရှားတစ်ရင်းဂစ်လျှင် ၄၅၉ ကျပ်ဝန်းကျင်၊ ထိုင်းတစ်ဘတ်လျှင် ၆၀ ကျပ်ဝန်းကျင်နှင့် တစ်ယွမ်လျှင် ၄၇၀ ကျပ် ဝန်းကျင်ရှိကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

ဂျူဂျူး

#ယနေ့ခေတ်

ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်