ပြင်ပစျေးကွက်၌ ရွှေစျေး ၃၅ သိန်းကျော်နှင့် တစ်ဒေါ်လာ ၃၄၀၀ ကျပ်အထက် ဆက်ရှိ နေ

ရန်ကုန်၊ ဩဂုတ် ၇

ပြင်ပစျေးကွက်၌ ယနေ့ပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းကျော်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်အထက်တွင် ဆက်လက်ရှိနေ ကြောင်း ရွှေနှင့် ငွေလဲလှယ်ရေးစျေးကွက်မှ စုံစမ်းသိရသည်။

ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အချို့ရွှေဆိုင်များ၌ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၅ သိန်းကျော်နှင့် ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျှင် ၃၃ သိန်းကျော်ဖြင့် အ ရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

“ ဒီနေ့လည် ၁၂နာရီကျော်စျေးက ၁၆ ပဲရည်ဆို ၃၅ သိန်း ၆ သောင်းခွဲနဲ့ရောင်းပြီး ပြန်ဝယ်တဲ့စျေးက ၃၅ သိန်း ၆ သောင်းကျပ်ပါ။ ၁၅ ပဲရည်က ၃၃ သိန်း ၃ သောင်းနဲ့ရောင်းပြီး ၃၃ သိန်း ၂ သောင်းစျေးနဲ့ ပြန်ဝယ်နေပါတယ်“ ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ရွှေစျေးမှာ ယခုရက်ပိုင်းအတွင်း တရိပ်ရိပ် ကျဆင်းလျက်ရှိသော်လည်း ပြည်တွင်းရွှေစျေးကွက်၌မူ ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေမှုကြောင့် ရွှေစျေးမြင့်တက်နေခြင်းဟု ပြောဆိုမှုများလည်းရှိသည်။ ကမ္ဘာ့ရွှေစျေးမှာ ယနေ့ နေ့လည်တွင် တစ်အောင်စလျှင် ၁၉၃၆ ဒေါ်လာရှိပြီး အဆိုပါစျေးနှုန်းမှာ ယခင်ရက်များက စျေးနှုန်းများထက် ၁၀ ဒေါ်လာခန့် ကျဆင်းလာခြင်းဟုလည်း သိရသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲနှုန်းဖြစ်သော တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် တွက်ချက်ထားသည့် ရန်ကုန်ရွှေအသင်း၏ ယနေ့ နေ့လည်ရည်ညွှန်းစျေးတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် နှစ်ဆယ့်နှစ်သိန်း ရှစ်သောင်းရှစ်ရာကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ပြည်တွင်းရွှေစျေးကွက်တွင် ယခုနှစ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ကျော်မှ ၃၂ သိန်းနီးပါးဖြင့် အရောင်းအဝယ်ပြုလုပ်နေရာမှ နစက၏ ဇူလိုင် ၂၃ ရက်နေ့ ကထုတ်ပြန်သော ကျပ် ၂၀,၀၀၀ တန်သတင်းကြောင့် အဆမတန်ခုန်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်း ရွှေစျေးမြင့်တက်မှုကြောင့် ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့မှာ အရောင်းပိတ်ထားခြင်း၊ မန္တလေးရွှေလုပ်ငန်းရှင်များအသင်းက စျေးကွက်ပိတ်ထားခြင်းတို့ဖြင့် ရွှေစျေး ကျဆင်းစေရန် ပြုလုပ်ခဲ့သော်လည်း ကျဆင်းခြင်းမရှိဘဲ စျေးနှုန်းအမြင့်ပိုင်းတွင် ဆက်ရှိနေသည်ဟု ရန်ကုန်မြို့မှရွှေကုန်သည်တစ်ဦးက ပြောသည်။

အလားတူ နိုင်ငံခြားငွေလဲလှယ်သည့် စျေးကွက်အတွင်း၌လည်း ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေသည့် သတင်းကြောင့် စျေးမြင့်တက်လျက်ရှိကာ ယနေ့ နေ့လည်တွင် ပြင်ပစျေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

“ ရောင်းစျေးက ၃၄၀၀ နဲ့ ဝယ်စျေးက ၃၃၅၀ ကျပ်ပါ။ နေရာနဲ့ အချိန်ပေါ် မူတည်ပြီး စျေးနှုန်းကွာဟမှုတော့ရှိနိုင်တယ်“ ဟု ရန်ကုန်မြို့မှ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး ကပြောသည်။

အမေရိကန် ဒေါ်လာလဲလှယ်နှုန်းမှာ ယခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ ၂၀,၀၀၀ ကျပ်တန်ထုတ်ဝေသည့် သတင်းကြောင့် စျေးနှုန်းမြင့်တက်လာခဲ့ပြီး ပြန်လည်ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့၌ ငွေလဲကောင်တာဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်နေမှုနှင့်အတူ အခြားနိုင်ငံခြားငွေလဲနှုန်းများလည်း မြင့်တက်လျက်ရှိကာ ဩဂုတ် ၇ ရက်၊ ယနေ့နေ့လည်တွင် ထိုင်းတစ်ဘတ်လျှင် ၉၈.၀၅ ကျပ်၊ တရုတ်တစ်ယွမ်လျှင် ၄၇၅ ကျပ်၊ မလေးရှားတစ်ရင်းဂစ်လျှင် ၇၅၀ ကျပ်နှင့် ဂျပန်တစ်ယန်းလျှင် ၂၄ ကျပ်တို့ အသီးသီးရှိနေကြောင်း ပြင်ပငွေလဲလှယ်ရေးစျေးကွက် မှ သိရသည်။

မောင်ဇော်

#ယနေ့ခေတ်

ပြင်ပစျေးကွက်၌ ရွှေစျေး ၃၅ သိန်းကျော်နှင့် တစ်ဒေါ်လာ ၃၄၀၀ ကျပ်အထက် ဆက်ရှိ နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်