ပဲခူးမြို့ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်

ရန်ကုန်၊ ဩဂုတ် ၉

ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ယခုရက်ပိုင်းတွင် ပဲခူးမြစ်ရေမြင့်တက်လာမှုတို့ကြောင့် ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးမြို့ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင် ရောက်လျက်ရှိကြောင်း သိရသည်။

“ လူတွေ ရွေ့ပြောင်းရတာတော့ မရှိသေးဘူး။ ညထဲက တစိမ့်စိမ့်နဲ့ ရေဝင်နေတာ။“ ဟု ပဲခူးမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။

ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့ရှိ မဇင်း၊ ဘူတာပိုင်း၊ ဝက်ကုန်း၊ ကျောက်ကြီးစု ရပ်ကွက်များသို့ ရေဝင်ရောက်မှုများရှိနေကြောင်း သိရသည်။

မိုး/ဇလ၏ ယနေ့နံနက်ပိုင်း ကြေညာချက်တွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေကာ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ ပေခန့်မြင့်တက်လာ နိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနိုင်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများ သတိပြုကြရန် အသိပေးထားသည်။

ပဲခူးမြစ်အပါအဝင် မြစ်ငါးစင်းထက်မနည်း စိုးရိမ်ရေမှတ်ရောက်နေကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားပြီး လက်ရှိတွင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ရှိ အချို့ဒေသများတွင် ရေနစ်မြှုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပုံစာ- ပဲခူးမြို့၌ ယနေ့နံနက်ပိုင်း ရေနစ်မြှုပ်နေစဉ်။

ပဲခူးမြို့ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်