ပဲခူးမြို့၌ ရေပြန်မကျသေး

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရေနစ်မြုပ်နေသည့် ပဲခူးမြို့၌ ယနေ့နံနက်ပိုင်းအထိ ရေပြန်မကျသေးကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်း၌ ပဲခူးမြို့ရှိ နေရာအများအပြားတွင် ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ပဲခူးမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ အိမ်တွေ ရေမြုပ်နေတာကတော့ မနေ့ကအတိုင်းပဲ။ ရေကတော့ နေရာအများအပြားမှာ ရှိသေးတယ်။ ကျတဲ့နေရာတော့ နည်းနည်းလေးကျတာလောက်ပဲရှိတယ်။” ဟု ၎င်းက ပြောသည်။

ယနေ့နံနက်အထိ ပဲခူးမြို့ပေါ်တွင် ရေနစ်မြုပ်နေဆဲဖြစ်ပြီး နေအိမ်များတွင် ပိတ်မိနေသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း ပဲခူးမြို့အခြေစိုက် ကလျာ ဏမိတ္တ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ မနက် ၆ နာရီလောက်မှာ တမိုက်လောက်တော့ကျတယ်။ မြို့ပေါ်မှာတော့ ရေကမြုပ်နေတုန်းပဲ။ အခုစက်လှေတွေနဲ့ အိမ်တွေမှာပိတ်မိနေတဲ့သူတွေကို လိုက်ကူညီပေးနေပါတယ်။ အစားအသောက် မရတဲ့သူတွေကို အစားအစာတွေလိုက် ဝေပေးနေပါတယ်။” ဟု အထက်ပါဒေသခံက ပြောသည်။

နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်နေမှုတို့ကြောင့် အောက်တိုဘာ ၈ ရက်မှစ၍ ပဲခူးမြို့နှင့်အနီးတဝိုက်ဒေသများတွင် ရေနစ်မြုပ်ခဲ့ပြီး ယမန် နေ့နှင့် ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ပြီး ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့ တစ်မြို့လုံးနီးပါးအပြင် ပဲခူးမြို့အနီးရှိ ဘုရားကြီးမြို့နှင့် အနီးရှိကျေးရွာများတွင်ပါ ယနေ့နံနက်ပိုင်းအထိ ဆက်လက်ရေနစ်မြှုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညနေအထိ ပဲခူးမြို့တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၆ ခုဖွင့်လှစ်ထားပြီး လူဦးရေ တစ်သောင်းလေးထောင်ကျော် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကာ ပဲခူးမြို့ရှောင်လမ်းနှင့် ကတွင်းချန်ရွာ ရေထွက်ပေါက်မှ ရေလွှဲထုတ်နိုင်မည့် အခြေအနေများကို ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မီးသတ်တပ်ဖွဲ့ကလည်း အချိန်နှင့်တပြေးညီ ကူညီမှုများလုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

မိုး/ဇလ၏ ယနေ့နံနက် အစောပိုင်းအချိန် ထုတ်ပြန်ချက်တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် သတ်မှတ်ချက် ၈၈၀ စင်တီမီတာမှ ၁၀၀၁ စင်တီမီတာအထိ ရောက်ရှိနေကာ ယမန်နေ့ ကထက် ၃ စင်တီမီတာခန့် ကျဆင်းသွားသော်လည်း စိုးရိမ်ရေမှတ်တွင် ဆက်လက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ယခု မိုးရာသီအတွင်း ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့တွင် ရေကြီးရေလျှံမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်မှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#ယနေ့ခေတ်

ပဲခူးမြို့၌ ရေပြန်မကျသေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်