ပဲခူးမြို့အနီးရှိ ကျေးရွာများ ရေနစ်မြုပ်မှုကြောင့် လယ်ဧကများစွာ လယ်ဧကများဆုံးရှုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

သုံးရက်ကြာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် ပဲခူးမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် လယ်ဧကများစွာ ရေနစ်မြုပ်၍ ပျက်စီးမှုများရှိကာ ဆုံးရှုံးမှုပမာဏများပြားကြောင်း ဒေသခံတောင်သူများက ပြောသည်။

ပဲခူးမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် (ခန့်မှန်း) ဧကထောင်ချီ၍ ရှိနိုင်မည့် လယ်ကွင်းများတွင် ဆိုးရွားစွာရေနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးထားသည့် စပါးများသာမက ရိတ်သိမ်းခါနီး စပါးများပါ ပျက်စီးဆုံးရှုံမှုများရှိကြောင်း ပဲခူးမြို့နယ်၊ စဉ့်အိုးဘိုကျေးရွာရှိ လယ်သမားတစ်ဦးက ပြောသည်။

“ အကုန်လုံးနီးပါး ပျက်စီးကုန်တာ။ နောက်တစ်ပတ်လောက်နေမှ သက်တမ်းစေ့မယ့်စပါးတွေလည်း အကုန်ကုန်တာပဲ။ အခုထိရေမကျသေးဘူး။ အောက်ရေကလည်း ထောက်နေ တာ နောက်တစ်ပတ်လောက်မှ ပြန်ကျမယ်ထင်တယ်။” ဟု အဆိုပါလယ်လုပ်ငန်းရှင်က ပြောသည်။

စပါးခင်းများအတွင်း ယခုကဲ့သို့ ဆိုးရွားစွာရေနစ်မြုပ်မှုကို တစ်ခါမျှပင်မြင်တွေ့ ဖူးခြင်း မရှိကြောင်း၊ ဒေသခံတောင်သူတစ်ဦးကလည်း ပြောသည်။

“ ဝါဆို၊ ဝါခေါင်မှာ တက်တဲ့ရေထက်တောင် ပိုဆိုးသေးတယ်။ မိုးမရွာဘဲ ၂၄ နာရီအတွင်း ရေ ၈ ပေလောက်တောင်တက်တာ။ ဘိုးဘေးတွေတောင် မမြင်ဘူးတဲ့ အဖြစ်အပျက်မျိုး။” ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

လက်ရှိအထိ ပဲခူးမြို့၏အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက် ကျေးရွာများရှိ လယ်ဧကများ ရေနစ်မြုပ်လျက်ရှိကာ တောင်သူများ၏ ဆုံးရှုံးမှုပမာဏများပြားကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

“ ပြောစရာစကားကို မရှိတော့ဘူး။ လယ်သမားဘဝ ကောက်ရိုးတောင် ကျန်မှာမဟုတ်တော့ဘူး။” ဟု ပြောသည်။

ပဲခူးမြို့အနီးတစ်ဝိုက်ရှိ တောင်သူအများစုမှာ ရေစတင်ဝင်ရောက်ချိန် အောက်တိုဘာ ၈ ရက်က အချိန်မှီရိတ်သိမ်းရန် ကြိုးစားခဲ့သော်လည်း နာရီပိုင်းအတွင်း ရေဝင်ရောက်မှုပမာဏ များပြားလွန်းခဲ့သောကြောင့် ကြိုတင်ပြင်ဆင်ရန်ပင် အချိန်မရခဲ့ကြောင်း လယ်သမားတစ်ဦးက ရှင်းပြသည်။

ပဲခူးတိုင်းအတွင်း ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၂ သန်း ၆ သိန်းကျော်ရှိကြောင်း၊ ပြီးခဲ့သည့်လပိုင်းများအတွင်းက စိုက်ပျိုးရေး ဦးစီးဌာနမှ နိုင်ငံပိုင်မီဒီ ယာတွင် သတင်းဖော်ပြထားပြီး လက်ရှိအခြေအနေအရ ပဲခူးမြို့နယ်အတွင်း၌ ရေနစ်မြုပ်ခဲ့သည့်လယ်ဧက မည်မျှရှိကြောင်းကို အတိအကျ မသိရသေးပေ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရေနစ်မြုပ်မှုကို ကြုံတွေ့ခဲ့ရသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များထံတွင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားသော်လည်း မည်သို့ကူညီမည်ဆိုသည်ကို ပြောကြားခြင်းမရှိပေ။

“ အခုရေကြီးမှုကြောင့် စပါးစိုက်ခင်းတွေ နစ်မြုပ်မှုရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် အာဏာပိုင်တွေထံမှာ အကူအညီတောင်းခံနိုင်တယ်။ အကုန်လုံးကိုတော့ ပေးနိုင်ချင်မှပေးနိုင်မယ်။ တစ်ရက်နှစ်ရက်အတွင်း အဲဒီကိုသွားဖို့ရှိပါတယ်။” ဟု ဦးရဲမင်းအောင်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ဦးရဲမင်းအောင်က ယခုရေနစ်မြုပ်သည့် နေရာများမှာ နှစ်စဉ်နှစ်တိုင်း ရေကြီးလေ့ရှိကြောင်း၊ ထို့ကြောင့် အဆိုပါနေရာများတွင် မည်သည့်သီးနှံများကို စိုက်ပျိုးမည်(သို့မ ဟုတ်)မည်သည့်မွေးမြူရေးလုပ်ငန်းများကိုလုပ်မည် စသည်တို့ကို ရေရှည်စဉ်းစားရန်လိုကြောင်း ပြောသည်။

“ ဒါကို ကူညီပေးဖို့ရှိပါတယ်။” ဟု ၎င်းကဆက်လက်ပြောကြားသည်။

နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် အောက်တိုဘာ ၈ ရက်မှစ၍ ပဲခူးမြို့နှင့် အနီးတဝိုက်ဒေသများတွင် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ ကာ ယမန်နေ့ နံနက်ပိုင်းအထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ယနေ့တွင် ပဲခူးမြို့ပေါ်ရှိ နေရာအများအပြားတွင် ရေပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း ပဲခူးအနီးရှိ ကျေးရွာများနှင့် လယ်ကွင်းများတွင် ရေများရှိနေသေးကြောင်း ဒေသခံ များက ပြောသည်။

လတ်တလောတွင် ပဲခူးမြို့၏ အနီးတဝိုက်ရှိ ကျေးရွာများ၌သာမက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်များရှိ ကျေးရွာအများအပြား၌ ရေနစ်မြုပ်မှုဖြစ်ပွားနေကာ လယ်ဧကများစွာလည်း ရေလွှမ်းမိုးမှုကို ကြုံတွေ့နေရကြောင်း ထိုဒေသရှိဒေသခံများက ပြောကြားသည်။

လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း ဆန်စပါးစျေးနှုန်းများ စျေးမြင့်တက်လျက်ရှိကာ ရွှေဘိုပေါ်ဆန်းကဲ့သို့ ဆန်အမျိုးအစားကို ဝယ်ယူစားသုံးနိုင်သူ နည်းပါးလာချိန်တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့၍ လာမည့်နှစ်များအတွင်း ဆန်စပါးစျေးနှုန်းများ အဆမတန် မြင့်တက်လာမည်ကို လူထုအကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – ဒေသခံတောင်သူများ

ပုံစာ- ယခုရက်ပိုင်း၌ ပဲခူးမြို့အနီးတဝိုက်ရှိ ရေနစ်မြှုပ်လျက်ရှိသော လယ်ဧကများအား တွေ့ရစဉ်။

#ယနေ့ခေတ်

ပဲခူးမြို့အနီးရှိ ကျေးရွာများ ရေနစ်မြုပ်မှုကြောင့် လယ်ဧကများစွာ လယ်ဧကများဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်