ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းမှကလေးများ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ် ပွားကာ အကူအညီလိုအပ်နေ

ပုဏ္ဏားကျွန်း၊ သြဂုတ် ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာများမှ စစ်ဘေးရှောင်စခန်းများရှိကလေးများ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေပြီး အကူအညီများလို အပ်နေကြောင်း စစ် ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းရှိကလေးငယ် ၁၀၀ နီးပါးအထိ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားနေကြောင်း၊ ဆေးဝါးကုသရန်အတွက် အာဟာရရှိစေမည့် အစားအစာများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။

” အခုစစ်ရှောင်ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်နေတယ်။ ရေကြီးရေလျှံဖြစ်ခဲ့တာနဲ့ မုန်တိုင်းဒဏ်ကြောင့် သန့်ရှင်းတဲ့သောက်သုံးရေ မသုံးစွဲရလို့ဖြစ်နေတာ။ အချို့ ကလေးတွေကျတော့လည်း အရေပြေားရောဂါတွေ ဖြစ်လာတာတွေရှိတယ်။ ယားလို့ကုတ်ရင်းကုတ်ရာကနေ အဖုတွေထွက်ပြီး ပြည်တွေတွဲပြီး အနာတွေပေါက်နေတာတဲ့။ အခု ကလေးတွေအတွက် အကူအညီတွေ အရမ်းလိုအပ်နေပါတယ်။” ဟု အဆိုပါ စစ်ရှောင်များကိုကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ရောဂါများဖြစ်ပွားနေသည့် ကလေးများသည် အသက် ၁၀ နှစ်အောက် ကလေးငယ်များ အများဆုံးဖြစ်ပြီး နောက်ပိုင်း လူကြီးများပါ ဝမ်းရောဂါဖြစ်ပွားလာနိုင်ကြောင်း စစ် ရှောင်များကျန်းမာရေးကို ကူညီပေးနေသည့် ကျန်းမာရေးပညာရှင်၏ ပြောပြချက်အရ သိရသည်။

” ရေကောင်းကောင်း မသောက်ရတာ၊ အစားရေစာ ကောင်းကောင်းမစားရတာ၊ သဘာဝဘေးဒဏ်တွေကြောင့် အခုလိုရောဂါတွေဖြစ်တာ။ ကလေးတွေက အခု ခုခံအားတွေနည်း နေတယ်။ ကြာလာရင်ပိုဆိုးပြီး လူကြီးတွေပါ ရောဂါဖြစ်လာနိုင်တယ်။ ကူညီပံ့ပိုးကြဖို့လိုအပ်ပါတယ်။” ဟု ကျန်းမာရေးပညာရှင်တစ်ဦးကပြောသည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေသည့် ကလေးငယ်များမှ အချို့ငွေ ကြေးတတ်နိုင်သော မိသားစုမှကလေးငယ်များသည် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသနေ ကြောင်း ငွေကြေးမတတ်နိုင်သည့် ချို့တဲ့နွမ်းပါးသည့် မိသားစုများမှ ကလေးများမှာ ဆေးမြီးတိုများဖြင့်သာ ကုသနေရကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်တွင် ပြီးခဲ့သည့် မေလကလည်း မိုခါမုန်တိုင်းကြောင့် ရေကန်များပျက်စီးခဲ့သဖြင့် သောက်သုံးရေ မသန့် ရှင်းသည့်အတွက် ဝမ်း ပျက်ဝမ်းလျောရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းမှကလေးများ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ် ပွားကာ အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်