ပို့ကုန်ရငွေ ဝင်ရောက်ခြင်းမရှိသည့် လုပ်ငန်းရှင်များကို နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားပေးသွင်းရန် သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၈

လက်ရှိအချိန်အထိ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးသည့် လုပ်ငန်းရှင်များကို နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားပေးသွင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယ‌မန့်‌နေ့က ထပ်မံသတိပေးထားသည်။

အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့ မှ ၄၅ ရက်အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များ အတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့် သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားငွေ စီမံခန့်ခွဲမှုရပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန်ကြေညာစာအမှတ် ၂၇/၂၀၂၂ ဖြင့် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် သတ်မှတ်ချက်များနှင့်အညီ ငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများကို ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် နိုဝင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာထားသည်။

ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ ပေးသွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြလိုပါက နိုင်ခြားသုံးငွေ စီမံခန့်ခွဲမှုဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနသို့ ဆက် သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးကြေညာထားသည်။

ယင်းသို့ ပို့ကုန်ရငွေနှင့်ပတ်သက်၍ ဖိအားပေးခြင်းသည် လုပ်ငန်းရှင်များအတွက် အဆင်မပြေမှုများစွာရှိနေကြောင်း လုပ်ငန်းရှင်များကဆိုသည်။

“ အခုက အဆင်မပြေဘူးလေ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကလည်း ပိတ်နေတော့ မရဘူးလေ။ သူတို့ပြောတဲ့ ပို့ကုန်ရငွေကို သတ်မှတ်ရက်အတိုင်း မပေးသွင်းနိုင်ဘူး။ ဖိအားပေးနေတာ။ နည်းနည်းလေးတော့ အောက်ခြေကို ပြန်ကြည့်သင့်တယ်။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပို့ကုန်ရငွေ ဝင်ရောက်ခြင်းမရှိသည့် လုပ်ငန်းရှင်များကို နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားပေးသွင်းရန် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်