နတ်တလင်း၌ မိုးရွာ၍ လေပြင်းတိုက်မှုကြောင့် နေအိမ်အချို့ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၌ ယမန်နေ့ညနေပိုင်းက မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၃ နာရီခွဲခန့်တွင် နတ်တလင်းမြို့နယ်အတွင်း မိုးရွာသွန်းကာ၊ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာကိုးရွာထက်မနည်းမှ လူနေအိမ်အချို့ ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းတို့ဖြစ်ခဲ့ကြောင်း သိရသည်။

“ မနေ့က မနက်ပိုင်းက ရာသီဥတုသာယာနေတာ။ ကနေ နေ့ခင်းကျတော့ ရုတ်တရတ် မိုးရွာလာပြီး လေပြင်းတိုက်သွားတာ။ ပွတ်စု၊ ကုန်းသာ၊ မယ်ဇလီတန်းရွာနဲ့ တာပွန်ဘက်က အိမ်တချို့ပြိုကျတာ၊ ပျက်စီးသွားတာတွေဖြစ်သွားတယ်။ ညနေပိုင်းလောက်တော့ လေရော၊ မိုးရော စဲသွားတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းမြို့နယ်၊ ပွတ်စု၊ ကုန်းသာ၊ မယ်ဇလီတန်းကျေးရွာအုပ်စုတို့၌ ဓါတ်တိုင်များပြိုလဲခြင်း၊ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဘုဒလက်ကုန်း၊ ရှားဖြူကုန်း၊ ရေကြည်၊ ကျွန်းကတုတ်၊ ကုန်းသာ၊ မယ်ဇလီတန်း၊ ပွတ်စု၊ ဒေါကျော်နှင့် ကျေးလက်ရွာတို့တွင် လူနေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ခြင်းများဖြစ်ခဲ့ ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လေဘေးသင့်ကျေးရွာများသို့ မြို့နယ်မီးသတ်ဌာနမှ တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီခဲ့ပြီး ယမန်နေ့ ညပိုင်းက လေဘေးသင့် ပြည်သူများအား နီးစပ် ရာဆွေမျိုးများနေအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်ကြောင့် ဒေသခံတစ်ရာနီးပါး လေဘေးဒဏ်ကြုံတွေ့ခဲ့ရသည်ဟု ဒေသတွင်းလူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေသူများထံမှ သိရသည်။

အလားတူ ယမန်နေ့က ရှမ်းပြည်နယ်နှင့် နေပြည်တော်ရှိ မြို့နယ်အချို့တွင် မိုး ရွာသွန်းခြင်းနှင့် မိုးသီးကြွေကျခြင်းများဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်အရ ယနေ့ နေ့လည်အထိ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာ ဝတီတိုင်းတို့တွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – မီးသတ်ဦးစီးဌာန

#ယနေ့ခေတ်

နတ်တလင်း၌ မိုးရွာ၍ လေပြင်းတိုက်မှုကြောင့် နေအိမ်အချို့ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်