ဒီပဲယင်းဒေသခံ သုံးထောင်ကျော် ထပ်မံစစ်ဘေးရှောင်ရ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံသုံးထောင်ကျော် ထပ်မံစစ်ဘေးရှောင်နေရကြောင်း စစ်ဘေး ရှောင်များကို ကူညီနေသည့် ဒေသခံအဖွဲ့အစည်းမှ သိရသည်။

“လက်နက်ကြီးတွေနဲ့ပစ်နေတော့ အနီးနားမှာရှိနေတဲ့ ဒေသခံသုံးထောင်ကျော်လောက် စစ်ရှောင်နေရတယ်။ စစ်ရှောင်နှစ်ထောင်လောက်ကို ချက်ပြုတ်ကျွေးရရင် တစ်နပ်စာကို ဆန်ဆယ်တင်း၊ အရံဟင်း ကျောက်ဖရုံသီးအလုံးနှစ်ရာကျော်နဲ့ ပဲတစ်တင်းလောက်ကုန်တယ်၊ ရက်မကြာရင် မသိသာပေမယ့် ရက်ကြာစစ်ရှောင်ရမယ်ဆိုရင်တော့ ရိက္ခာအတွက် ခက်ခဲလာနိုင်တယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့၏ အနီးတစ်ဝိုက်ရှိ အင်တန်၊ မဲသယ်၊ ငြိမ်းချမ်း၊ ယင်းဒွေး၊ တောကျောင်း၊ ဝဘာ၊ ရှော်ဖြူ၊ ခေါင်းရိုးနှင့် မှန်သာကြီးကျေးရွာတို့မှ ဒေသခံများ စစ်ဘေးရှောင်နေရကြပြီး စစ်‌ရှောင်ဦးရေ တိုးလာမှုကြောင့် ရိက္ခာများဝယ်ယူရန် နှင့် စစ်ရှောင်စခန်းများအတွက် ရိက္ခာပို့ဆောင်ရန် မြေပြင်အခက်အခဲများရှိနေကြောင်း သိရသည်။

အောင်သူရိန်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်

ဒီပဲယင်းဒေသခံ သုံးထောင်ကျော် ထပ်မံစစ်ဘေးရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်