ထီစာအုပ်ရေ ၆ သိန်းကျော်ရောင်းရဟု ထုတ်ပြန်ထားသော်လည်း ထီဆိုင်အချို့ လျော့ဈေးဖြင့်ရောင်းနေရ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၉

ပြည်တွင်းအခွန်များဦးစီးဌာနမှ ထီစာအုပ်ရေ ၆ သိန်းကျော် ရောင်းရသည်ဟု ထုတ်ပြန်ထားသော်လည်း ဈေးကွက်အတွင်း ထီအရောင်းဆိုင်အချို့ လျှော့ဈေးဖြင့်ရောင်းချနေရ ကြောင်း ထီအရောင်းကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။

လာမည့် အောက်တိုဘာ ၁ ရက်တွင်ဖွင့်လှစ်မည့် (၅၅) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီစာအုပ်အရေအတွက် ၆၁၃,၆၄၀ အုပ်အား ကုန်အောင်ရောင်းချနိုင်ခဲ့ပြီး ထီလက်မှတ်များ ရောင်းရငွေမှာ ကျပ် ၆ ဒသမ ၁ ဘီ လျံကျော်ရရှိထားကြောင်း စက်တင်ဘာ ၂၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။

“ ထီကထိုးမယ့်သူတောင်မရှိဘူး။ ရောင်းလည်းမရောင်းရဘူး။ အခုဆိုရင် လျှော့ဈေးနဲ့ရောင်းတာတောင် ဝယ်မယ့်သူမရှိဘူး။ ထီရောင်းလိုအားက တော်တော်ကိုကျသွားတာ။” ဟု ထီအရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင်ကျင်းပမည့် (၅၅) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်များ ရောင်းရငွေမှာ ကျပ် ၆၁၃၆ ဒသမ ၄ သန်း(ကျပ် ၆ ဒသမ ၁ ဘီလျံကျော်)ဖြစ်သဖြင့် ယင်းပမာ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၄၂၉၅ ဒသမ ၄၈၀ သန်း(ကျပ် ၄ ဒသမ ၃ ဘီလျံနီးပါး)ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၇၂ ဒသမ ၂၆၀ သန်းကို ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ထီစာအုပ်ရေ ၆ သိန်းကျော်ရောင်းရဟု ထုတ်ပြန်ထားသော်လည်း ထီဆိုင်အချို့ လျော့ဈေးဖြင့်ရောင်းနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်