ထိုင်းနိုင်ငံရှိ မီးရှုးမီးပန်းထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းနိုင်ငံရှိ မီးရှုးမီးပန်းထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် ဇန်နဝါရီ ၁၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် လက်ရှိအချိန်တွင် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သေဆုံးသူအရေအတွက် အတိအကျသိစေရန်အတွက် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော မီးရှုးမီးပန်းထုတ်လုပ်ရေးစက်ရုံက ထိုင်းနိုင်ငံ ဆူဖန်ဘူရီပြည်နယ်ရှိ စက်ရုံဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို အမြန်ဆုံးဆေးရုံတင်ပို့နိုင်ရန် ကြိုးပမ်းနေ ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

လာမည့် ဖေဖော်ဝါရီလတွင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်ခင် မီးရှုးမီးပန်းလိုအပ်ချက် မြင့်တက်လာခြင်းကြောင့် အမှာများနေရာ၊ စက်ရုံတွင် အရှိန်မြင့်ထုတ်လုပ် ရေးများ လုပ်ကိုင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သောနှစ် ဇူလိုင်လကလည်း မီးရှုးမီးပန်းထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲခဲ့ရာ၊ အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး၊ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော စက်ရုံပေါက်ကွဲမှုသည် မည့်သည့်အတွက်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားရသည် ဆိုသောအချက်ကို အသေးစိတ်မသိရသေးပဲ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပြီးချိန်မှသာ အသေးစိတ်စစ်ဆေးနိုင်ဖွယ်ရှိနေကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

ကောင်းထက်ငွေ

wionews.com

ထိုင်းနိုင်ငံရှိ မီးရှုးမီးပန်းထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်