တွံ့တေးတူးမြောင်းအတွင်း စစ်ရေယာဉ်ငယ်တစ်စီးအား တိုက်ခိုက်ခဲ့ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်ရှိ တွံ့တေးတူးမြောင်းအတွင်း ရပ်တန့်ထားသည့် စစ်ရေယာဉ်ငယ်တစ်စီးအား တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် တွံ့တေးမြို့နယ် အနီးတဝိုက်ရှိ ကားလမ်းများနှင့် တွံ့တေးတူးမြောင်းအတွင်း စစ်ဆေးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၄ နာရီခွဲခန့်က တွံ့တေးတူးမြောင်း၊ ၁၆ မိုင်ခန့်အတွင်း လုံခြုံရေးဆောင်ရွက်ရန် ရပ်တန့်ထားသည့် စစ်ရေယာဉ်ငယ်တစ်စီးအား တွံ့တေးပြည်သူ့ကာကွယ်ရေး အဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ကြောင်း ထိုအဖွဲ့ကသတင်းထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တွံ့တေးမြို့နယ်အတွင်းရှိ ကားလမ်းများတွင် ယာဉ်များကိုစစ်ဆေးခြင်း၊ တွံ့တေးတူးမြောင်းအတွင်း သွားလာနေသော ရေယာဉ်များကို တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“ မနက်ထဲက ကားလမ်းပေါ်တွေမှာရော၊ တွံ့တေးသင်္ဘောဆိပ်မှာရော၊ တူးမြောင်းထဲမှာပါ စစ်ဆေးနေတာ။ ဒီနေ့လည်တော့ ကားလမ်းပေါ် စစ်ဆေးတာ သိပ်မရှိတော့ပေမဲ့ တူးမြောင်းတစ်လျှောက်တော့ သင်္ဘောတွေ၊ သမ္ဗန်တွေကို လိုက်စစ်နေတာ တွေ့ရတယ်။” ဟု တွံ့တေးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

စစ်ရေယာဉ်ငယ် တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်၍ မြစ်အတွင်း လုံခြုံရေးဆောင်ရွက်ရန် ရပ်တန့်ထားသည့် ရေယာဉ်ငယ်အား ရေကြောင်းမှလာရောက်၍ ဗုံးသီးဖြင့် ပစ်ခတ် ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသော်လည်း ပျက်စီးမှုမည်မျှရှိကြောင်းနှင့် မည်သည့်အမျိုးအစား စစ်ရေယာဉ်ငယ် တိုက် ခိုက်ခံရသည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းတော့ မရှိပေ။

ယခုနှစ်အတွင်း စစ်ကိုင်တိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတလျှောက် သွားလာနေသော စစ်ရေယာဉ်များ တိုက်ခိုက် ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ပတ်သတ်၍ တိတိကျကျသိရခြင်းတော့ မရှိပေ။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ- မြစ်အတွင်းသွားလာနေသည့် ကျန်စစ်သား စစ်ရေယာဉ်အား တွေ့ရစဉ် (ပုံဟောင်းဖြစ်သည်)

#ယနေ့ခေတ်

တွံ့တေးတူးမြောင်းအတွင်း စစ်ရေယာဉ်ငယ်တစ်စီးအား တိုက်ခိုက်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်