တောင်းရမ်းစားသောက်နေသူတစ်ဦး ကားတိုက်ခံရ၍ သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ တောင်းရမ်းစားသောက်နေသူ မသန်စွမ်းတစ်ဦး ကားတိုက်ခံရကာ သေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့ ဩဂုတ် ၁၉ ရက်၊ ည ၉ နာရီဝန်းကျင်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက် ကြီး (၆) ၊ ချယ်ရီလမ်း၊ K – one အနီး၊ ပိတောက်ဝါ အီလက်ထရောနစ်ဆိုင်ရှေ့၌ တောင်းရမ်းစား သောက်နေသူ မသန်စွမ်းအမျိုးသားတစ်ဦးမှာ ကားတိုက်ခံခဲ့ရကြောင်း သိရသည်။

“ ဖင်တရွတ်ဆွဲပြီး တောင်းစားနေတယ်ဆိုတာ ပတ်ဝန်းကျင်ကပြောပြတာပါ။ သေဆုံးသူက ဘယ်သူမှန်း ဘယ်မှာနေမှန်းတော့ မသိရသေးပါဘူး။ တိုက်သွားတဲ့ကားကတော့ မောင်း ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် တောင်းရမ်းစားသောက်နေသူ မသန်စွမ်းအမျိုးသား၏ ရုပ်အလောင်းအား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်၊ နံနက်ပိုင်းကလည်း ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်း၌ ကွန်တိန်နာယာဥ်မှ တောင်းရမ်းစားသောက်သူ အမျိုးသမီးကြီးတစ်ဦးအား အရှိန်လွန် ၍ဝင်တိုက်ကာ ထပ်မံကြိတ်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့သည်။

နေပိုင်ဇော်

ဓာတ်ပုံ – သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

တောင်းရမ်းစားသောက်နေသူတစ်ဦး ကားတိုက်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်