တိုက်ပွဲများ ပြင်းထန်နေစဉ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌကို တာဝန်မှရပ်စဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကိုးကန့်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေစဉ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌကို တာဝန်မှရပ်ဆိုင်း၍ ၎င်း၏နေရာတွင် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးကို ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားရာတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲခဲ့ကာ ၎င်း၏နေရာတွင် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ခေတ္တဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ဦးမြင့်ဆွေမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကာ/လုံအစည်းအဝေးသို့ အထူးဖိတ်ကြားသူတစ်ဦးအနေဖြင့် တက်ရောက်ခဲ့ကာ ရှင်းလင်းပြောကြားမှု များ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းဖော်ပြချက်အရ သိရပြီး၊ ယမန်နေ့က ရာထူးမှရပ်စဲခံရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားကာ ထိုဒေသတွင် အုပ်ချုပ်ရေးအဖွဲ့ အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)လည်း တည်ရှိကြောင်း သိရသည်။

လက်ရှိ၌ လက်နက်ကိုင်ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဟု ကြေညာပြီးနောက် ဒေသဦးစီးအဖွဲ့ ဥက္ကဌကို တာဝန်မှရပ်စဲကာ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးအား ပြောင်းလဲခန့်အပ်ပြီး စစ်ရေးအင်အားဖြည့်တင်းခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်ကို နိုဝင်ဘာ ၁၂ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားပြီး ဒေသခံများ၏ သွားလာခွင့်ကို တင်းကြပ်ထားကာ၊ နှစ်ဖက်တိုက်ပွဲများကြောင့် ထိုဒေသတွင် ယနေ့အထိ ဒေသခံတစ်သောင်းခွဲနီးပါး စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

#မောင်ဇော်

Photo – MOl

#ယနေ့ခေတ်

တိုက်ပွဲများ ပြင်းထန်နေစဉ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌကို တာဝန်မှရပ်စဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်