တိုက်ပွဲများကြောင့် တစ်လအတွင်း ကလေးငယ်များအပါအဝင် လူပေါင်းသုံးရာနီးပါး သေဆုံးခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်

တိုက်ပွဲများကြောင့် တစ်လအတွင်း ကလေးငယ်များအပါအဝင် လူပေါင်းသုံးရာနီးပါး သေဆုံးခဲ့ရကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း UNOCHA မှ သိရသည်။

အောက်တိုဘာ ၂၆ ရက်မှစတင်ကာ တိုက်ပွဲများအရှိန်မြင့်လာသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တ လေး၊ ပဲခူးအရှေ့ပိုင်း၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် ကလေးငယ်များအပါအဝင် အရပ်သား ၂၈၄ ဦးသေဆုံးခဲ့ပြီး၊ ၃၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတော့ ဘယ်ဘက်ကမှန်းမသိပဲပစ်တဲ့ လက်နက်ကြီးတွေ၊ ဒရုန်းဗုံးတွေက လူနေတဲ့နေရာတွေကိုကျတာ။ ဘုန်းကြီးကျောင်းနဲ့ ဘုရားတောင် မလွတ်ဘူး။ ကလေးတွေရော မိန်းမတွေနဲ့ ယောကျာ်းတွေလဲ သေတဲ့လူသေ၊ ဒဏ်ရာရသူတွေလည်း ရတာပေါ့။ တိုက်ပွဲတွေဖြစ်တာ ရက်ရှည်လာရင်တော့ စစ်ဘေးရှောင်ရတဲ့ လူတွေအတွက် မလွယ်ဘူး။” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူများသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ပြီး၊ သေဆုံးသူအရပ်သား ၉၅ ဦး၊ ဒဏ်ရာရသူ ၁၅၂ ဦး၊ ရခိုင်ပြည်နယ် တွင် သေဆုံးသူ ၂၀ ဦးကျော်နှင့် ဒဏ်ရာရသူ ၈၅ ဦး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ​သေဆုံးသူ ၉၀ ဦးနှင့် ဒဏ်ရာရရှိသူ ၄၂ ဦး၊ ကယားနှင့် ရှမ်းပြည်နယ်တို့တွင် သေဆုံးသူ ၇၈ ဦးနှင့် ဒဏ်ရာရသူ ၅၅ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓါတ်ပုံ- CJ

#ယနေ့ခေတ်

တိုက်ပွဲများကြောင့် တစ်လအတွင်း ကလေးငယ်များအပါအဝင် လူပေါင်းသုံးရာနီးပါး သေဆုံးခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်